ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်ခြားစောင့်တပ်တွေ အသုံးပြုခဲ့တဲ့ အဆောက်အဦတခုမှာ WFP အမှတ်အသားပါရှိတဲ့ ရိက္ခာအိတ်တွေ တွေ့ရှိမှုနဲ့ ပတ်သက်ပြီး လက်ခံနိုင်ဖွယ်မရှိလို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
ထိခိုက်လွယ်တဲ့ ရပ်ရွာလူထုအတွက် ရည်ရွယ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေအပေါ် အလွဲသုံးစားပြုလုပ်မှု မှန်သမျှဟာ လက်ခံနိုင်ဖွယ်မရှိသလို ထိုလုပ်ရပ်တွေဟာ ကယ်ဆယ်ရေး အထောက်အပံ့တွေကို အရေးပေါ်လိုအပ်နေတဲ့ သူတွေအတွက် ထိခိုက်နစ်နာစေတယ်လို့ WFP က ဒီဇင်ဘာ ၁၈ ရက်က ထုတ်ပြန် ပြောဆိုခဲ့တာပါ။
“ကျနော်တို့အနေနဲ့ ၂၀၂၄ ခုနှစ်မှာ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် မြန်မာနိုင်ငံတဝန်းမှာ လူသားချင်းစာနာမှုလိုအပ်ချက်တွေ တိုးလာတာနဲ့ ဆာလောင်မွတ်သိပ်မှုတွေ မြင့်တက်လာတာကို စိုးရိမ်ဖွယ်တွေ့ရပါတယ်။ WFP ဟာ အကူအညီလိုအပ်သူတွေဆီကို စားနပ်ရိက္ခာတွေ ရောက်ရှိစေနိုင်ဖို့ ကန့်သတ်မှုတွေ ကြားထဲကနေပဲ တတ်နိုင်သမျှ လုပ်ဆောင်နေပါတယ်။ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့အဖွဲ့တွေ အားလုံးအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာဝန်ထမ်းတွေနဲ့ အထောက်အပံ့ပစ္စည်းတွေကို ကာကွယ်စောင့်ရှောက်ရမယ့် ဝတ္တရားတွေရှိသလို အရေးပေါ် အကူအညီ လိုအပ်နေသူတွေဆီ အရေးကြီးတဲ့ အသက်ကယ်ရိက္ခာ ထောက်ပံ့မှုတွေ အရောက်ပို့ပေးနိုင်ဖို့အတွက် ဘေးကင်းလုံခြုံတဲ့ သွားလာခွင့်တွေ လုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က DVB ကို ပြောပါတယ်။
WFP တံဆိပ်ပါ ရိက္ခာဆန်ထုတ် အများအပြား နယ်ခြားစောင့်တပ် နခခ ၅ တပ်စခန်းမှာ တွေ့ရှိရကြောင်းကို သတင်းဖော်ပြချက်တွေအရ WFP က သိရှိခဲ့ရပြီး လက်ရှိမှာ ထိုအရပ်ဒေသကို သွားရောက်ဖို့ ခက်ခဲမှုကြောင့် ဖြစ်စဥ်အသေးစိတ်ကို အတည်မပြုနိုင်သေးဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၂၀၂၄ ခုနှစ် ဇွန်လတုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်က WFP သိုလှောင်ရုံကို ဖောက်ထွင်းလုယက်တာနဲ့ မီးရှို့ဖျက်ဆီးတာ ခံခဲ့ရတယ်လို့လည်း ဖော်ပြပါရှိပါတယ်။