ရခိုင်ပြည်နယ်က စစ်ဘေးရှောင် မိသားစုတွေအနေနဲ့ ရန်ကုန်မြို့မှာ ရွှေ့ပြောင်းခိုလှုံမှု များလာနေတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
အာရက္ခတပ်တော် (AA) ရဲ့ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်မှု ပြင်းထန်လာပြီး ဧရာဝတီတိုင်းအစပ်အထိ တိုက်ပွဲတွေရှိလာလို့ ရခိုင်တိုင်းရင်းသားတွေ စစ်ဘေးရှောင်မှု များပြားလာတာလို့ ဆိုပါတယ်။
စစ်ဘေးရှောင် ရခိုင်တိုင်းရင်းသားတွေအနေနဲ့ နီးစပ်ရာ ဧရာဝတီတိုင်းအတွင်း တိမ်းရှောင်ရာမှာ စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေက ဖိအားပေးမောင်းထုတ်တာတွေရှိလို့ ရန်ကုန်မြို့ဆီ ရွှေ့ပြောင်းရတာမျိုးတွေ ရှိနေတာလို့ ရန်ကုန်မြို့နေ ရခိုင်တိုင်းရင်းသားတချို့က ဆိုပါတယ်။
စစ်ဘေးရှောင်တွေနဲ့ နီးစပ်တဲ့ ရခိုင်တိုင်းရင်းသားတယောက်က “အခုက တကျော့ပြန် ပိုများလာတာ။ သံတွဲတို့ ဂွတို့ကသူတွေ များတယ်။ ကျနော်တို့ရပ်ကွက်ထဲလည်း စစ်ဘေးရှောင်ဖို့ ရောက်နေသူ မနည်းဘူး။ ပြီးခဲ့တဲ့ တလလောက်ကတည်းက ဝင်လာကြတာ” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ အာရက္ခတပ်တော် (AA) တွေ စိမ့်ဝင်နေတယ်ဆိုပြီး ချောင်းသာ၊ ငွေသောင်ယံ၊ ငွေသောင်ယံမြို့နယ်အုပ်ချုပ်ရေးမှူးတွေက စစ်ဘေးရှောင်တွေကို လက်မခံလို့ ဒုက္ခရောက်နေသူတွေအများအပြားရှိနေတယ်လို့လည်း ရခိုင်တိုင်းရင်းသားတချို့က ဆိုပါတယ်။
ရန်ကုန်မြို့နေ ရခိုင်တိုင်းရင်းသားတယောက်က “ဧရာဝတီတိုင်းက သူတို့ဆီ စစ်မီးကူးမှာ ကြောက်လို့ လက်မခံတာဖြစ်နိုင်တယ်။ ရန်ကုန်မှာတော့ စစ်ဘေးရှောင်တွေ သိပ်အခက်အခဲရှိတယ်မကြားဘူး။ နီးစပ်ရာဆွေမျိုးတွေက ခေါ်လက်ခံပေးထားတာရှိသလို ကိုယ့်ဘာသာ အခန်းငှားနေနေကြတာလည်းရှိတယ်” လို့ ပြောပါတယ်။
ရှမ်းမြောက်တိုက်ပွဲတွေ ပြင်းထန်ချိန်ကလည်း ရန်ကုန်မြို့ကို စစ်ဘေးရှောင်တွေ အလုံးအရင်းနဲ့ ဝင်ရောက်ခိုလှုံတာတွေရှိခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စောင့်ကြည့် မှတ်တမ်းယူတာမျိုးတွေ ရှိခဲ့ပါတယ်။
အဲဒီလို စစ်ဘေးရှောင်သူတွေများပြီး အခန်းငှားရမ်းတာတွေများလာလို့ အိမ်နဲ့တိုက်ခန်းငှားခ စျေးတက်သွားသလို ပြည်သူတချို့က နေစရာအခမဲ့ စီစဥ်ပေးတာလည်း ရှိခဲ့ပါတယ်။