
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ နောက်ဆုံးလက်ကျန် နပခဌာနချုပ်ကို သိမ်းပိုက်ရရှိပြီး ဒု တိုင်းမှူးနဲ့ အရာရှိတွေကိုအရှင်ဖမ်းမိတယ်လို့ အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်လာပါတယ်။
စစ်တပ်လေကြောင်းပစ်ကူအများအပြားကြားကနေ နပခကို အပြီးသတ်သိမ်းပိုက်ပြီးတဲ့နောက် နပမ (အမ်း) က တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ ဆက်သွယ်ရေးအရာရှိ ဗိုလ်ကြီး အောင်စစ်နိုင်၊ အရာခံဗိုလ် အေးသိန်းတိုး တို့ကို အရှင်ဖမ်းဆီးရမိကြောင်းကိုလည်း ဓာတ်ပုံမှတ်တမ်းတွေနဲ့ တကွ ထုတ်ပြန်လာတာပါ။
အမ်းမြို့နယ်ရဲ့နောက်ဆုံးလက်ကျန်တခုဖြစ်တဲ့ နပခဌာနချုပ်ကို AA ဘက်က ၂ ပတ်ကြာ ထိုးစစ်ဆင်နေခဲ့တာဖြစ်ပြီး စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ အင်အား ၁၅၀ လောက်စီ ၃ ကြိမ် စစ်ကူလာချပေးခဲ့သေးတယ်လို့ ဆိုပါတယ်။
အမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်ထဲမှာ ၁၄ မြို့ကို AA က အပြည့်အဝ အလုံးစုံထိန်းချုပ်ထားနိုင်ပြီး ဂွမြို့ကို အပြီးသတ်သိမ်းပိုက်ပြီးရင်တော့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် မြို့တို့ပဲ ကျန်တော့မှာဖြစ်ပါတယ်။