
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဆီးရီးယားယာယီသမ္မတ အာမက်အယ်လ်ရှာရာနဲ့ ဖုန်းဆက်သွယ်ပြောဆိုခဲ့တယ်လို့ ကရင်မလင်နန်းတော်က ဖေဖော်ဝါရီ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါဟာ ရုရှားကျောထောက်နောက်ခံပေးထားတဲ့ ဘာရှားအာဆတ် အစိုးရကို အယ်လ်ရှာရာ ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဒီဇင်ဘာလတုန်းက ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ခေါင်းဆောင် ၂ ယောက်အကြား တိုက်ရိုက်ဆက်သွယ်မှု ဖြစ်ပါတယ်။
၁၃ နှစ်ကြာ ပြည်တွင်းစစ်မှာ ရန်ဘက်တွေဖြစ်ခဲ့ကြပေမဲ့ အခုအခါမှာတော့ ဆီးရီးယားမှာရှိတဲ့ ရေတပ်နဲ့ လေတပ်စခန်းတွေကို ဆက်လက်အသုံးပြုနိုင်ဖို့ ရုရှားက မျှော်လင့်ထားပါတယ်။
ဖုန်းဆက်သွယ်မှုဟာ အပြုသဘောဆောင်ပြီး ဆီးရီးယားနိုင်ငံရဲ့ ညီညွတ်မှု၊ အချုပ်အခြာ အာဏာပိုင်မှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် မော်စကိုက ထောက်ခံကြောင်း ပူတင်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ဆီးရီးယားအနောက်မြောက်ပိုင်းမှာရှိတဲ့ ရုရှားစစ်စခန်းတွေရဲ့ ကံကြမ္မာနဲ့ပတ်သက်တဲ့ ဆွေးနွေးမှု ရှိ မရှိကိုတော့ မော်စကိုဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။
တားတတ် ရေတပ်စခန်းနဲ့ မှိုင်မင်း လေတပ်စခန်းကို ဆုံးရှုံးလိုက်ရတာဟာ မြေထဲပင်လယ်နဲ့ အရှေ့အလယ်ပိုင်းမှာ ရုရှား ခြေကုပ်ယူထားနိုင်မှုအပေါ် ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးသစ်ကိုလည်း ပူတင်က မော်စကိုကို ဖိတ်ကြားခဲ့တယ်လို့ ဆိုပါတယ်။
အာဆတ်နဲ့ ချုပ်ထားတဲ့ စာချုပ်တွေကိုလည်း ပြန်စဉ်းစားဖို့ ရုရှားဘက်က အသင့်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ နှောင်းပိုင်းမှာလည်း ရုရှား ဒုနိုင်ငံခြားရေးဝန်ကြီးဟာ ဆီးရီးယားမြို့တော် ဒမတ်စကတ်ကို သွားရောက်ခဲ့ပါတယ်။
Source : Reuters