
တောင်ပိုင်းတိုင်း စစ်ဌာနချုပ်က ရှေ့တန်းထွက်နေတဲ့ စစ်ကောင်စီတပ်က အရာရှိ၊ စစ်သည်တွေကို ပဲခူတိုင်းအစိုးရနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေက စားသောက်ကုန်တွေ ပို့ပေးနေရတယ်လို့ ဝန်ထမ်းတွေက ပြောပါတယ်။
“ဒီနှစ်နဲ့ဆို ၂ နှစ်ရှိပြီ၊ ဝန်ထမ်းတွေလည်း အလှူခံလုပ်ငန်းရှင်တွေဆီကလည်း အလှူခံပြီး ရတဲ့ ပိုက်ဆံနဲ့ ဝယ်ခြမ်းကြော်လှော်ပြီး ပို့ပေးရတာ၊ ခရိုင်အလိုက် အလှည့်ကျပို့ပေးရတာ။”
ပဲခူးခရိုင်၊ တောင်ငူခရိုင်နဲ့ ညောင်လေးပင်ခရိုင်မှ ဌာနဆိုင်ရာဝန်ထမ်းတွေက ဖေဖော်ဝါရီ ၉ ရက်မှာ ချက်ပြုတ်ကြော်လှော်ပြီး စားစရာတွေအသင့်ထုပ်ပိုးကာ တပ်မ ၇၇ ကို ပေးပို့ရတာလို့ ညောင်လေးပင် ဝန်ထမ်းတယောက်က ပြောပါတယ်။
“ပဲခူးအရှေ့က တော်သေးတယ်။ ပဲခူးအနောက်က လူတွေဆို တပ်ကလူတွေအားဖြစ်အောင် ပြည်သူလူထုပေးတဲ့ ပုံစံနဲ့ စာရေးထည့်ပေးရတာ။ စာကလည်း စစ်တပ်က ရေးပေးတဲ့ စာကိုနမူနာယူပြီး ရေးပေးရတာ။”
ပြည်ခရိုင်၊ သာဝတီခရိုင်နဲ့ နတ္တလင်းခရိုင်မှာ အလှူငွေစုစုပေါင်း သိန်း ၂၀၀ နီးပါးရရှိပြီး တဝက်ကို စစ်တပ်က သိမ်းဆည်းကာ ကျန်တဝက်နဲ့ ကုန်ခြောက်များဝယ်ကာ ချက်ပြုတ်ပြီး တိုင်းဒေသကြီးအစိုးရကို ပို့ပေးရတာလို့ ပြည်ခရိုင်ရုံးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
"ဒီနှစ် အလှူငွေကောက်တာ သိန်း ၂၀၀ နီးပါးရတာ၊ အင်းမက ဗိုလ်မှူးကြီးက သိန်း ၁၀၀ ယူတယ်၊ ကျန်တဝက်နဲ့ချက်ပြီး ပို့ရတာ။ အဆိုးဆုံးက စာရေးပေးရတာ။ တရားသောစစ်အောင်ပါစေ၊ တပ်မတော်နောက်မှာ ပြည်သူတွေရှိတယ် ဆိုတဲ့စာတွေ။”
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကစပြီး ရှေ့တန်းထွက်နေတဲ့ စစ်ကောင်စီတပ်က အရာရှိ၊ စစ်သည်တွေကို ဌာနဆိုင်ရာဝန်ထမ်းတွေက အလှူခံပြီး ချက်ပြုတ်ကာ ရိက္ခာပေးပို့နေရတာဖြစ်ပါတယ်။