Home
မြန်မာသတင်း
မြိုင်တွင် စစ်ရှောင်များ၏ပစ္စည်းများကို စစ်သားများခိုးယူ၊ ကျန်ပစ္စည်းများကို ဖျက်ဆီးခဲ့
DVB
·
February 2, 2025
Photo: အညာမြေတပ်ပေါင်းစု

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းက စစ်ဘေးရှောင်ပြည်သူတွေရဲ့ တိရစ္ဆာန်နဲ့ပစ္စည်းတွေကို စစ်ကောင်စီတပ်သားတွေက ခိုးယူသွားကြပြီး ကျန်တဲ့ပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားခဲ့ကြတယ်လို့ သိရပါတယ်။

မြိုင်မြို့နယ်အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုရဲ့တာဝန်ခံက “မြိုင် စက်မှု ၂ က ကောင်တွေဗျ။ အဲဒီစစ်ကြောင်းက အရင်နေ့ညက မြိုင်အရှေ့တောင်ဘက်က ညောင်တွင်းရွာနားမှာ တညနားတယ်။ အဲဒီမှာ မြိုင်စက်မှု ၂ စစ်ကြောင်းက ဗျူဟာမှူးနဲ့ ပခုက္ကူကနေ မြိုင်အရှေ့တောင်ပိုင်း ညောင်တွင်းရွာကို ထွက်လာတဲ့စစ်ကြာင်းနဲ့ဆုံပြီးတော့ စစ်ကြောင်းဗျူဟာမှူး ၂ ယောက် အချိန်းအပြောင်းလုပ်ကြတယ်။ အဲလိုလုပ်ပြီးတော့မှ မြိုင်စက်မှု ၂ စစ်ကြောင်းက ရွာတန်းရှည်ရွာက စစ်ဘေးရှောင်တွေနဲ့ စစ်ရှောင်တဲတွေကိုဝင်ပြီး ပစ္စည်းတွေခိုးတာဗျာ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြိုင်မြို့နယ်အတွင်းက ကျေးရွာတွေကို ပြီးခဲ့တဲ့ ဇန်နဝါရီ လဆန်းပိုင်းကတည်းက စစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အညာမြေတပ်ပေါင်းစုရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘိုသန့်ဇင် က “သူတို့တွေ စစ်ဘေးရှောင်နေကြရတာ ၁ လနီးပါးလောက်ရှိပြီ။ စကစစစ်ကြောင်းဝင်လာတဲ့သတင်းရလို့ စစ်ရှောင်ပြည်သူတွေက ကြိုပြေးထားကြတော့ အဖမ်းခံရသူမရှိပါဘူး။ ဒါပေမယ့် သူတို့စစ်ရှောင်တွေရဲ့ ဆန်တွေ၊ စားနပ်ရိက္ခာတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ ခိုးသွားရုံတင်မကဘူး ကျန်နေခဲ့တဲ့ပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားကြတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာတန်းရှည်ကျေးရွာစစ်ဘေးရှောင်တွေရဲ့ ဆန်အိတ်တွေနဲ့ ရိက္ခာတွေအပြင် နွား ၅ ကောင်၊ ဆိတ် ၁၀ ကောင်၊ ဆိုင်ကယ် ၆ စီးတို့ကို ခိုးယူသယ်ဆောင်သွားကြသလို ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကလည်း မြိုင်မြို့နယ်အတွင်းက ကျောင်းကုန်းကျေးရွာ၊ သံပုရာခြံကျေးရွာနဲ့ ချောင်းနားတိုက်ကျေးရွာတို့ကို စီးနင်းဝင်ရောက်ပြီး လူနေအိမ် ၃၀ နီးပါးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြသေးတယ်လို့ သူက ဆက်ပြောပါတယ်။

မြိုင်မြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့ စစ်​ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မြိုင်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာလည်း ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၅ နာရီခွဲဝန်းလောက်ကလည်း စစ်အာဏာသိမ်းမှု ၄ နှစ်ပြည့်နေ့အဖြစ် မြိုင်မြို့နယ်အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ကပစ စက်မှု ၂ ကို တော်လှန်ရေးတပ်ဖွဲ့တွေက ရှော့တိုက်ဒုံး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး ထိခိုက်ပျက်စီးတဲ့အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နဲ့ ၃၀ ရက်နေ့က မြိုင်မြို့နယ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖွင့်လှစ်ထားတဲ့ အောင်ဆန်း ပညာရပ်စုံတက္ကသိုလ်ကို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် ကျောင်းသူ ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013