
တော်လှန် အနုပညာရှင်တယောက်ဖြစ်တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုဟာ စစ်ဘေးရှောင်ပြည်သူတွေ၊ စစ်ဘေးရှောင် မိသားစုတွေကို ကူညီပေးနိုင်ဖို့ အကယ်ဒမီရုပ် ကမ်ပိန်းကို ဖေဖော်ဝါရီ ၁ ရက်နေ့က မိတ်ဆက်ပေးခဲ့ပါတယ်။
ဒီကမ်ပိန်းကို ပိုင်ဖြိုးသု အကယ်ဒမီရုပ်ကမ်ပိန်းလို့ အမည်ပေးထားပြီး ဒီကမ်ပိန်းမှာ ပါဝင်လှူဒါန်းသူတွေကို မဲနှိုက်ပြီး ဆုလက်ဆောင်တွေပေးသွားမှာ ဖြစ်ပါတယ်။
ဆုလက်ဆောင်အဖြစ် ပထမဆုကို ပိုင်ဖြိုးသုရဲ့ အကယ်ဒမီ ရွှေစင်ရုပ်တု ရရှိမှာပါ။ ဒုတိယဆုကတော့ ပိုင်ဖြိုးသု လက်မှတ်ပါရှိတဲ့ ရွှေဆွဲကြိုး ၁ ကုံး နဲ့ တတိယဆုကတော့ ပိုင်ဖြိုးသု ဝတ်ဆင်ခဲ့ဖူးတဲ့ တွယ်ချိတ်နားကပ်နဲ့ ပုံစံတူ ရွှေနားကပ် ၃ ရန်တို့ပဲ ဖြစ်ပါတယ်။
သရုပ်ဆောင် ပိုင်ဖြိုးသုက “အခုချိန်မှာ အာဏာသိမ်းစစ်ကောင်စီဟာ လေကြောင်းကနေပြီး နေအိမ်တွေ၊ ကျောင်းတွေ၊ နောက်ဆုံး ဆေးရုံပါမချန်ဗုံးကြဲပြီး တိုက်ခိုက်နေပါတယ်။ ဒါကြောင့်မို့ သုသုတို့ ပြည်သူတွေအများကြီးဟာ စစ်ဘေးရှောင်ဘဝကို ရောက်ရှိနေရပါတယ်။ ပြည်သူက အားပေးလို့ အကယ်ဒမီပိုင်ဖြိုးသုဆိုတဲ့ဘဝကို ရရှိခွင့်ရခဲ့တဲ့ သုသုက အခု ကိုယ့်ပြည်သူတွေ လိုအပ်နေချိန်မှာ ဒီအကယ်ဒမီအရုပ်လေးကို အသုံးပြုပြီးတော့ ပြန်ကူညီပေးချင်ပါတယ်။ ဒါပေမယ့် သုသုဘယ်လိုပဲ ကူညီပေးချင်ပေးချင် သုသုတယောက်တည်းရဲ့အားနဲ့တော့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့လို့ လာမယ့် အခု ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့အတွင်းမှာ အကယ်ဒမီရုပ်ကမ်ပိန်းလေး ဆောင်ရွက်သွားဖို့ရှိပါတယ်။ ဒီကမ်ပိန်းလေးမှာ ပါဝင် လှူဒါန်းခြင်းအားဖြင့် သုသုရဲ့ စစ်ဘေးရှောင်ပြည်သူတွေ၊ စစ်ဘေးရှောင်မိသားစုတွေကို ဝိုင်းဝန်းကူညီကြဖို့အတွက် သုသုက ဖိတ်ခေါ်ချင်ပါတယ်ရှင်။ အားလုံးက ဝိုင်းဝန်းကူညီကြမယ်လို့လည်း သုသု မျှော်လင့်ပါတယ်။” လို့ ကမ်ပိန်းကို မိတ်ဆက်ပြောကြားထားပါတယ်။
ဆုလက်ဆောင်တွေထဲက ပထမဆုအဖြစ်ပေးမယ့် အကယ်ဒမီရုပ်ဟာ ၂၀၁၈ ခုနှစ်က အကယ်ဒမီ ဆုပေးပွဲမှာ သရဲမ၊ ဘီလူးမနှင့် မိန်းမပျိုဇာတ်ကားမှာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုအဖြစ် ပိုင်ဖြိုးသု ရရှိခဲ့တာဖြစ်ပြီး ကံထူးရှင်တွေကို ပိုင်ဖြိုးသုကိုယ်တိုင် မဲနှိုက်ရွေးချယ်ပြီး ဆုလက်ဆောင်တွေ ပေးသွားမှာဖြစ်ပါတယ်။