
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းက တောတောင်တွေအတွင်းမှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်တွေကို ပေးသောလက်ပရဟိတအဖွဲ့က သိန်း ၆၀ ဖိုးနီးပါး အသုံးအဆောင်ပစ္စည်းတွေကို ထောက်ပံ့ပေးခဲ့ပါတယ်။
ဇန်နဝါရီ ၂၉ ရက်နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်ဘေးရှောင်ပြည်သူ ၄၀၀ ကျော်အတွက် ဆန်၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ရေပုံးစတဲ့ အသုံးအဆောင်ပစ္စည်း ၈ မျိုးကို ကူညီထောက်ပံ့ပေးခဲ့တာလို့ ဆိုပါတယ်။
ပေးသောလက်ပရဟိတအဖွဲ့တာဝန်ရှိသူတယောက်က “သူတို့တွေ စစ်ရှောင်နေကြရတာ ၃ နှစ် ပြည့်တော့မယ်။ ဘယ်အဖွဲ့စည်းကမှလည်း လာမလှူကြဘူး။ ခရီးလည်း ကြမ်းလွန်းလို့ ထင်ပါတယ်ဆိုပြီး ကျနော့်ဆီအထိ ရောက်အောင်လာပြီး အကူညီတောင်းလို့ ပထမဦးစားပေး လှူဖြစ်တာပါဗျ” လို့ပြောပါတယ်။
အဲဒီစစ်ဘေးရှောင်တွေဟာ စစ်ကောင်စီတပ်စွဲနေထိုင်နေတဲ့ ကျေးရွာတွေဘက်ကနေ ထွက်ပြေးလာခဲ့ကြရသူတွေဖြစ်ပြီး ကျေးရွာတွေနဲ့ဝေးတဲ့ တောတောင်တွေထဲမှာ တဲထိုးနေထိုင်နေကြ ရတာပါ။
အဲဒီစစ်ဘေးရှောင်တွေကို လမ်းပန်းဆက်သွယ်ရေးနဲ့ ဖုန်းလိုင်းအခက်အခဲကြောင့် လာရောက်ကူညီထောက်ပံ့တဲ့လူ နည်းပါးလို့ စစ်ရှောင်တွေမှာ စာရေးရိက္ခာအကူအညီတွေလည်း ဆက်လက်လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပေးသောလက်အဖွဲ့အနေနဲ့ ကလေးမြို့နယ်တွင်းက စစ်ဘေးရှောင်တွေကို ပြည်ပရောက် နိုင်ငံသားတွေရဲ့ အကူအညီနဲ့လှူဒါန်းပေးနေပြီး ဆက်လက်ပြီး စစ်ဘေးရှောင်တွေကို ထောက်ပံ့ လှူဒါန်းပေးဖို့လည်းရှိတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ ကလေးမြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် စစ်ဘေးရှောင်တွေတိုးလာတာနဲ့အမျှ အကူအညီတွေ ဆက်လက်လိုအပ်နေဆဲဖြစ်တယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ဘေးရှောင်စခန်း ၁၀ ခုကျော်ရှိပြီး စစ်ဘေးရှောင်ဦးရေ ၃၀,၀၀၀ ကျော်နေထိုင်တယ်လို့ စစ်ဘေးရှောင်ကူညီနေသူတွေရဲ့ စစ်တမ်းအရသိရပါတယ်။