Home
နိုင်ငံတကာ
အပစ်ရပ်ပြီးနောက် ဂါဇာမြောက်ပိုင်းသို့ ပါလက်စတိုင်း ၄ သိန်းနီးပါး နေရပ်ပြန်လာ
DVB
·
January 29, 2025
Photo: REUTERS/Hatem Khaled

အစ္စရေးနဲ့ ဟားမတ်စ်ကြား အပစ်အခတ်ရပ်စဲပြီးနောက် ဂါဇာမြောက်ပိုင်းမှာ ပါလက်စတိုင်းဦးရေ ၃၇၆,၀၀၀ ကျော် ပြန်ရောက်လာခဲ့တယ်လို့ ကုလသမဂ္ဂအေဂျင်စီ UNOCHA က အတည်ပြုပါတယ်။

တနင်္လာနေ့ကစပြီး နေရပ်ပြန်လာခဲ့ကြတဲ့ ဒေသခံတွေဟာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာမြောက်ပိုင်းတခုလုံးကို မမှတ်မိလောက်အောင် ပျက်စီးစေခဲ့တယ်ဆိုပြီး မှတ်ချက်ပြုပါတယ်။

နောက်ထပ် ကုလအေဂျင်စီတခုဖြစ်တဲ့ UNRWA ရဲ့ အကြီးအကဲ ဖီးလစ်ပ် လာဇာရီနီ ကလည်း အစ္စရေးရဲ့ အေဂျင်စီအပေါ် ပိတ်ပင်မှုဟာ သန်းနဲ့ချီတဲ့ ပါလက်စတိုင်းတွေ အပါအဝင် ဂါဇာဒေသ ပြန်လည်ထူထောင်ရေးနဲ့ နိုင်ငံရေး အသွင်ကူးပြောင်းမှုကိုပါ ထိခိုက်စေနိုင်တယ်လို့ ဝေဖန်သွားပါတယ်။

လက်ဘနွန်နိုင်ငံ တောင်ပိုင်းမှာလည်း အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၂၄ ယောက် ဒဏ်ရာရခဲ့တဲ့အတွက် ဒါဟာ “အပစ်ရပ်သဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်ကြောင်း” ယာယီဝန်ကြီးချုပ်က ဝေဖန်ခဲ့ပါတယ်။

ဒါ့အပြင် လာမယ့်အပတ်အတွင်း ဟားမတ်စ်အဖွဲ့က ပြန်လွှတ်ပေးဖို့ မျှော်လင့်ထားတဲ့ ဓားစာခံ ၂၆ ယောက်ထဲမှာ သေဆုံးသူ ၈ ယောက်ရှိတယ်ဆိုတဲ့ သတင်းကို အစ္စရေးအရာရှိတွေကိုယ်တိုင် အတည်ပြုပါတယ်။

အစ္စရေးထောက်လှမ်းရေးဌာနက စိစစ်ခဲ့တဲ့ ဟားမတ်စ်ရဲ့ ဓားစာခံစာရင်းထဲမှာ ဘယ်သူအသက်ရှင်ပြီး  ဘယ်သူသေဆုံးသွားပြီ ဆိုတာကို နာမည်နဲ့တကွ အတိအကျ ဖော်ပြထားခြင်း မရှိပါဘူး။

အခုလိုမျိုး ဂါဇာရော၊ လက်ဘနွန်မှာပါ အခြေအနေတင်းမာနေတာကြောင့် အဲဒီနေရာနှစ်ခုစလုံးက အပစ်အခတ်ရပ်စဲရေးဟာ ခိုင်မာမှုမရှိဘူးဆိုတာကို ထင်ရှားစေခဲ့ပါတယ်။

အဲဒီနောက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဖေဖော်ဝါရီ ၄ ရက်မှာ အိမ်ဖြူတော်ဆီလာဖို့ ထရမ့်ပ်က သူ့ကို ဖိတ်ကြားထားကြောင်း ပြောဆိုပါတယ်။

အဲဒီခရီးစဉ်သာ ဖြစ်လာခဲ့ရင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်းမှာ ပထမဆုံး လက်ခံတွေ့ဆုံတဲ့ နိုင်ငံ့ခေါင်းဆောင်ဟာ နေတန်ယာဟု ဖြစ်လာနိုင်ပါတယ်။

၂၀၂၃ အောက်တိုဘာ ၇ ရက်ကစပြီး အစ္စရေးရဲ့ ထိုးစစ်ဆင်မှုကြောင့် ဂါဇာဒေသမှာ ပါလက်စတိုင်း ၄၇,၀၀၀ ကျော် သေဆုံးပြီးဖြစ်တဲ့အပြင် နောက်ထပ် ၁ သိန်းကျော်ကိုပါ ဒဏ်ရာရစေခဲ့ပါတယ်။​ တရက်တည်းမှာပဲ ဟားမတ်စ်ဦးဆောင်တဲ့ တိုက်ခိုက်မှုတွေအတွင်း အစ္စရေးဘက်က အရပ်သား ၁,၁၃၉ ယောက် သေဆုံးခဲ့ရသလို အခြားလူ ၂၀၀ ကျော်ကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013