Home
မြန်မာသတင်း
IEC က ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ် ထုတ်ပေးမည်
DVB
·
February 12, 2025
Photo: Karenni State Immigration

ပြည်နယ်လုံခြုံရေးနဲ့ ခရီးသွားပြည်သူတွေ ဘေးကင်းစွာ သွားလာနိုင်ဖို့ ကရင်နီပြည်နယ်ထဲမှာ ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်ပြားတွေ ထုတ်ပေးမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်လိုက်ပါတယ်။  

ကရင်နီပြည်နယ်သား မဟုတ်ဘဲ အကြောင်းအမျိုးမျိုးနဲ့ ကရင်နီထဲကို ၀င်ထွက်သွားလာနေတဲ့ သူတွေကို လုံခြုံရေးအတွက် ပြည်နယ်ခြား ဖြတ်သန်းခွင့်ကတ်တွေ ထုတ်ပေးမယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)၊ ပြည်ထဲရေးဌာနရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ဖေဖော်ဝါရီ ၁၁ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲဒါကတ်ပြား မရှိရင် ကရင်နီပြည်နယ်ထဲမှာ ဖြတ်သန်းသွားလာခွင့်ရှိမှာ မဟုတ်ဘဲ တာ၀န်ရှိသူတွေက စစ်ဆေးတဲ့အခါ ကတ်ပြားကို ပြရမှာဖြစ်ပြီး လွှဲပြောင်းကိုင်ဆောင်တာမျိုး လုပ်လို့ရမှာ မဟုတ်သလို ပြည်နယ်အတွင်းက ပြန်လည်ထွက်ခွာတဲ့အခါ ပြန်ပြီးအပ်နှံရမယ်ဆိုတဲ့ အချက် ၇ ချက်ကို ကတ်နောက်ကျောမှာ ရေးသားဖော်ပြထားပါတယ်။

IEC အတွင်းရေးမှူး ၂ ကိုဗညားက “ကျနော်တို့ Category နဲ့ ကြည့်မယ်ဆိုရင် ပြည်နယ်ထဲကို ၀င်လာသွားလာနေတဲ့သူတွေ အများကြီးရှိတယ်။ Journalist တွေလည်းဖြစ်နိုင်တယ်၊ Research လုပ်နေတဲ့သူတွေလည်းဖြစ်နိုင်တယ်။ နောက်ပြီးတော့မှ လုပ်ငန်းတွေပေါ့၊ စီးပွားရေးလုပ်ငန်းတွေ လာပြီးတော့မှ လာလုပ်တဲ့သူတွေလည်းရှိတယ်။ အလုပ်သမားတွေလည်း ရှိတယ်ပေါ့နော်၊  ပြီးတော့မှ အလည်အပတ်လည်းရှိတယ်ပေါ့။ အဲ့ဒီဟာကိုအခြေခံပြီးတော့ ကျနော်တို့ Category အများကြီးရှိတယ်။ အဲ့ဒီပေါ်မူတည်ပြီး သီးသန့် Category ခွဲထားတာလည်းရှိပါတယ်” လို့ ပြောပါတယ်။

လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီလိုဒေသအတွင်းမှာ ဒီစီမံချက်ဟာ ဒလန်တွေနဲ့ သတင်းပေးတွေကို သတိပေးရာရောက်နိုင်ပြီး စီမံချက် အသေးစိတ်မသိရသေးပေမဲ့ လက်ခံကြိုဆိုတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ဒီပြည်နယ်မှာ လာရောက်နေထိုင်တဲ့ ဘယ်သူတဦးတယောက်မဆို တခုခုဖြစ်ဖြစ်ရင် ဒီကြားကာလ အစိုးရက တာ၀န်ယူတာ၀န်ခံရမှာဖြစ်တဲ့အတွက် ဒီအစီအမံက ရှိသင့်တယ်လို့မြင်တယ်။ ဒီလိုစနစ်တကျမရှိခဲ့လို့ တော်လှန်ရေးမှာ ဘေးထွက်ဆိုးကျိုးတွေများခဲ့တယ်၊ အချင်းချင်း မယုံသင်္ကာမှုတွေဖြစ်တယ်။ စွပ်စွဲပြောဆိုတာတွေရှိတယ်။ ပြီးတော့ တခုခုဆို တာ၀န်ယူမှုတာ၀န်ခံမှု အားနည်းတာတွေ ရှိခဲ့တယ်ပေါ့။”

လက်ရှိပြည်နယ်အတွင်း တော်လှန်ရေးလုပ်ငန်းတွေမှာ အတူတူလက်တွဲလုပ်ဆောင်နေတဲ့သူတွေကို နေထိုင်ခွင့်ကတ်ပြား ထပ်ထုတ်ပေးမယ့် အစီအစဥ် ရှိတယ်လို့လည်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ဆိုပါတယ်။ 

တော်လှန်ရေးကာလ လေးနှစ်တာကာလအတွင်း သတင်းပေါက်ကြားမှုတွေ သတင်းပေးမှုတွေကြောင့် ထိခိုက်နစ်နာခဲ့ရတာတွေကို ဒီစီမံချက်နဲ့ ပြန်ထိန်းပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမယ်လို့ ကရင်နီပြည်အတွင်းမှာ ပရဟိတလုပ်နေတဲ့သူတွေက ဆိုပါတယ်။

 ကျေးလက်မြေအဖွဲ့ တာ၀န်ခံ ကိုဇော်မင်းထိုက်က  “ဒီလိုမလုပ်ဘူးဆိုရင် အန္တရာယ်ရှိလာနိုင်တယ်။ ဘာကြောင့် အန္တရာယ်ရှိလာနိုင်လဲဆိုတော့ တချို့က လာပဲလာလိုက်တယ်၊ သတင်းပေးသွားတယ်၊ နေရာ Location ပြသွားတယ်ဆိုလို့ရှိရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်သွားနိုင်တယ်ပေါ့နော်။ ဒီလိုယာယီကတ်ထုတ်ပေးထားတော့ ဘယ်သူက ဘယ်ကလာတယ်၊ ဘယ်လိုအနေအထားရှိတယ်၊ ဒါတော့ ဘယ်လိုသဘော သက်ရောက်ကြောင်းဆိုတဲ့ ဟာလေးတွေကို ပေါ်လွင်တယ်။ နောက်ဆုံး အမှားလုပ်သွားတာတခုခုရှိရင်တောင်မှပဲ ရှင်းရှင်းပြောရရင် ရှာလို့ဖွေလို့ လိုက်လို့ တန်းလွယ်တယ်ပေါ့နော်” လို့ ပြောပါတယ်။

ပြည်နယ်ခြားဖြတ်သန်းခွင့်ကတ် လုပ်ဆောင်ရမယ့် အချိန်နဲ့ အသေးစိတ်အချက်အလက်တွေကို ထပ်မံထုတ်ပြန်သွားမယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ဆိုပါတယ်။ လတ်တလောမှာတော့ မိုးဗြဲအစပ်ဘက်မှာ တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေက ထွက်ပြေးတိမ်းရှောင်နေကြရဆဲပါ။ 

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013