Home
မြန်မာသတင်း
သင်တန်းသားများ ရေထဲမျောပါ သေဆုံးမှုအတွက် တာဝန်ရှိသူများကို အလုပ်နှင့်ထောင်ဒဏ်ချ
DVB
·
December 15, 2024
Photo: KNDF

ကရင်နီပြည်ထဲက ဆေးသင်တန်းတခုမှာ လေ့ကျင့်ခန်းလုပ်ရင် သင်တန်းသား ၁၈ ယောက် ရေထဲ မျောပါ သေဆုံးခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးခဲ့ပြီးနောက် တာဝန်ရှိတဲ့ ကျောင်းအုပ်နဲ့ ဆရာ ၂ ယောက်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)ဗဟိုစစ်တရားခုံရုံးအဖွဲ့က အလုပ်နဲ့ ထောင်ဒဏ် ချမှတ်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၁ ရက် ည ၈ နာရီခွဲလောက်က KNDF က ဦးစီးဖွင့်လှစ်တဲ့ ဆေးသင်တန်းတခုကနေ ညဘက် လေ့ကျင့်ရေးအဖြစ် ချောင်းတခုကို ဖြတ်သန်းတုန်း ရဲဘော်ရဲမေ ၁၈ ယောက် ရေထဲမျောပါ သေဆုံးခဲ့တာပါ။

ဒီဖြစ်ရပ်အတွက် အမှန်တရားနဲ့ တရားမျှတမှုအတွက် KNDF ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်အရ ဗဟိုစစ်တရားခုံရုံးအဖွဲ့ဖွဲ့ အမှုကြားနာစစ်ဆေးခဲ့ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာ တင်ပြချက်တွေ၊ တရားခွင်အတွင်း စွပ်စွဲခံရသူတွေနဲ့ သက်သေခံ ထွက်ဆိုချက်တွေအရ တာဝန်ရှိသူ ကျောင်းအုပ် ၁ ယောက်၊ ကာယလေ့ကျင့်ရေးဆရာ ၁ ယောက်နဲ့ သင်တန်းအကူ ၁ ယောက်တို့ တာဝန်ရှိတာ ထင်ရှားခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရဲ့ စစ်အက်ဥပဒေ ပြစ်မှုဆိုင်ရာ ပုဒ်မ ၁၇၊ ၂၇ အရ ကျောင်းအုပ်နဲ့ ကာယလေ့ကျင့်ရေးဆရာတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁ နှစ် ၃ လ စီ၊ သင်တန်းအကူကို ပြစ်မှုဆိုင်ရာ စစ်အက်ဥပဒေ ပုဒ်မ ၂၇ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ လ ကျခံစေဖို့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

၄ လကြာ သင်ကြားပေးတဲ့ အဲဒီသင်တန်းမှာ သင်ကြားရေးပိုင်းကို ဆေးဘက်ဆိုင်ရာပညာရှင် ဆရာဝန်တွေက တာဝန်ယူပြီး အုပ်ချုပ်ရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးကိုတော့ KNDF က တာဝန်ယူပြီး ဒုတိယအကြိမ် ဖွင့်လှစ်တာ ဖြစ်ပါတယ်။

သင်တန်းအတွက် တပ်ပိုင်းဆိုင်ရာကိုယ်စားလှယ် ၃ ယောက်၊ ဆေးဘက်ဆိုင်ရာ ကိုယ်စားလှယ် ၂ ယောက်နဲ့ ကော်မတီဖွဲ့ထားပြီး KNDF တပ်ပိုင်းရဲ့ တာဝန်ပေးအပ်မှုနဲ့ သင်တန်းကျောင်းအုပ် ၁ ယောက်ထားပြီး ကာယမှူး ၂ ယောက်၊ အကူဆရာ ၁ ယောက်နဲ့ ဆရာမ ၂ ယောက်ရှိပါတယ်။

ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးရာမှာ စက်တင်ဘာ ၁၁ ရက်နေ့က ကျောင်းအုပ်နဲ့ သင်တန်းဆရာ ၃ ယောက်က ညဘက်လေ့ကျင့်ရေးလုပ်ဖို့ အချင်းချင်း ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ကျောင်းအုပ်နဲ့ ကာယမှူး ၁ ယောက်က သဘောတူပေမဲ့ သင်တန်းဆရာ ၁ ယောက်နဲ့ အကူ ၁ ယောက်ကတော့ သဘောမတူခဲ့ကြပေမဲ့ အတည်ပြုခဲ့ကြပြီး ဒါကို သင်ကြားရေးဘက်က ဆရာ၊ ဆရာမတွေ၊ သင်တန်းသူ၊ သင်တန်းသားအများစုနဲ့ KNDF က တာဝန်ရှိသူတွေ မသိရှိခဲ့ကြဘူးလို့ ဆိုပါတယ်။

ဒီဖြစ်စဉ်ဟာ သင်တန်းကျောင်းအုပ်၊ ဆရာတွေရဲ့ တသီးပုဂ္ဂလဆုံးဖြတ်ချက်နဲ့ စီစဉ်ဆောင်ရွက်ခဲ့တာကို တွေ့ရှိရပြီး အဲဒီထဲက ၂ ယောက်က သူတို့မှာ အဓိက တာဝန်ရှိတယ်လို့ ထွက်ဆိုဝန်ခံထားကြောင်း KNDF ဦးဆောင်ပြီး သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ဖြစ်စဉ် စုံစမ်းစစ်ဆေးရေးအဖွဲ့က ထုတ်ပြန်ထားခဲ့ပြီးဖြစ်ပါတယ်။

အခက်အခဲတွေအများကြီးရှိပေမဲ့ KNDF အနေနဲ့ တော်လှန်ရေးရည်မှန်းချက် အောင်မြင်တဲ့အထိ ဆက်လက်ကြိုးပမ်းသွားမယ့်အပြင် တော်လှန်ရေးကာလမှာ အမှားအနည်းဆုံးဖြစ်အောင် တာဝန်ထမ်းဆောင်သွားမယ့် အကြောင်းနဲ့ အရေးတော်ပုံ အောင်မြင်တဲ့အချိန်မှာ ကျဆုံးရဲဘော်တွေ အားလုံးအတွက် ထိုက်ထိုက်တန်တန် ဂုဏ်ပြုမယ်လို့လည်း ကတိပေး ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013