
ထိုင်းမြန်မာနယ်စပ် ကန်ကျနပူရီခရိုင်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၈၃ ဦး ဖမ်းဆီးခံရတယ်လို့ ဂျိုးချိုထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲလောက်က ကန်ကျနပူရီခရိုင် ထောင်းဖာဖုမ်းမြို့နယ် ထာ့ခနွန်ကျေးရွာအုပ်စုရှိ ရာဘာခြံတခုထဲမှာ မသင်္ကာဘွယ်လူတစု ရောက်ရှိနေကြောင်း သတင်းပေးချက်ရတဲ့အတွက် မြို့နယ်ဦးစီးမှူး၊ နယ်မြေခံရဲတပ်ဖွဲ့၊ ကျေးရွာလုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတယောက်က သတင်းထောက်ကို ပြောပါတယ်။
တာဝန်ရှိသူတွေဟာ သတင်းရထားတဲ့ နေရာတဝိုက်ကို ပိတ်ဆို့ပြီး ဝင်ရောက်စစ်ဆေးရာမှာ ရာဘာတောထဲ ပုန်းအောင်းနေသူတွေ ထွက်ပြေးကြတယ်၊ တချို့က တောင်ပေါ်တက်ပြေးတယ်၊ တာဝန်ရှိသူတွေ အနောက်က လိုက်ဖမ်းရာမှာ အမျိုးသား ၃၃ ယောက်၊ အမျိုးသမီး ၂၇ ယောက် ကလေး ၁ ယောက် စုစုပေါင်း အယောက် ၆၀ ပြန်ဖမ်းမိတယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ဖို့ ဘုရားသုံးဆူဘက်ကနေ ချေလျင်တောလမ်းနဲ့ ဝင်ရောက်လာတယ်၊ ဆန်ခလပူရီမှာ ပွဲစားက ကားနဲ့လာကြိုပြီး လှေဆိပ်မှာ ချပေးတယ်။ လှေစီးပြီး ထောင်းဖာဖူးမှာ ကမ်းပေါ်တက်တယ်၊ စမွတ်ပရကန်မှာအလုပ်သွားလုပ်ဖို့ နောက်ထပ်လာကြိုမယ့် ကားတစီးကို စောင့်ဆိုင်းစဉ် ခုလိုအဖမ်းခံရတာလို့ ဆိုပါတယ်။
အဆိုပါလူတွေကို စစ်ဆေးနေစဉ် တချိန်တည်းမှာပဲ ထောင်းဖာဖူးမြို့နယ် ထာ့ဖဲရွာ ဝချီလာလောင် ကွန်း ဆည်ကြီးအနီးရှိ အိမ်ဟောင်းတလုံးထဲမှာ တရားမဝင်သူတွေ ရောက်ရှိနေကြောင်း သတင်းပေးပို့ချက်ထပ်ရပြန်တယ်၊ ဒါကြောင့် နောက်ထပ်စစ်ဆေးရေး ၁ ဖွဲ့ က အဆိုပါနေရာကို သွားရောက်စစ်ဆေးရာမှာ အိမ်ဟောင်းရဲ့ အပေါ်ထပ်မှာ ပုန်းအောင်းနေသူတွေကို ဖမ်းမိတာလို့ ဆိုပါတယ်။
သူတို့ထဲမှာ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၈ ဦး၊ ကလေး ၁ ယောက် စုစုပေါင်း ၂၃ ဦးရှိတယ်၊ သူတို့ကတော့ မလေးရှားနိုင်ငံကနေ မြန်မာပြည်ပြန်ဖို့ ထိုင်းနိုင်ငံထဲ ဖြတ်သန်းဝင်ရောက်လာ တာဖြစ်တယ်။ မလေးရှားနိုင်ငံမှာ နေထိုင်ရတာ အဆင်မပြေလို့ ပွဲစားအဆက်အသွယ်နဲ့ ပြန်လာ ကြတာဖြစ်တယ်။ ဆည်ကနေ လှေစီးပြီး နယ်စပ်ပြန်ဖို့အတွက် လာကြိုမယ့်လှေ စောင့်ဆိုင်းနေစဉ် ခုလိုဖမ်းဆီးခံရတာလို့ ဖမ်းဆီးခံရသူတွေက ပြောကြောင်း သတင်းမှာ ဖော်ပြသွားပါတယ်။
ကိုးကား - ဂျိုးချို ထိုင်းသတင်း