
စစ်အာဏာသိမ်းထားပြီး ကျရှုံးနိုင်ငံအဆင့်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံမှာ အကျင့်ပျက် ခြစားမှုတွေ ပိုမိုဆိုးဝါးလာပြီး ကမ္ဘာ့အဆိုးဆုံး ၁၂ နိုင်ငံစာရင်းထဲ ပါဝင်လာတယ်လို့ ဂျာမနီနိုင်ငံအခြေစိုက် Transparency International အဖွဲ့က ထုတ်ပြန်တဲ့ အဂတိလိုက်စားမှုဆိုင်ရာ ညွှန်ကိန်းမှာ ဖော်ပြပါတယ်။
အဆိုပါညွှန်ကိန်းမှာ မြန်မာနိုင်ငံက ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ မှာ ရမှတ် ၁၆ မှတ်နဲ့ အဆင့် ၁၆၈ နေရာမှာ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကထက် ရမှတ် ၄ မှတ်ထိ ကျဆင်းသွားခဲ့သလို အရပ်သားအစိုးရ အုပ်ချုပ်မှုလက်ထက် နှစ်ကာလတွေတုန်းက တိုးတက်မှုတွေအောက် သိသိသာသာ ထိုးဆင်းလာခဲ့တာပါ။
အဂတိလိုက်စားမှုဆိုင်ရာ ညွှန်ကိန်းကို တိုင်းတာတွက်ထုတ်ရာမှာတော့ လာဘ်ပေးလာဘ်ယူမှု၊ ပြည်သူ့ဘဏ္ဍာငွေ လွှဲပြောင်းမှု၊ အစိုးရအာဏာပိုင်တွေအနေနဲ့ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွေမှာ အဂတိလိုက်စားမှုကို ထိန်းချုပ်နိုင်မှု၊ အဂတိလိုက်စားမှု အခွင့်အလမ်းတွေ တိုးပွားစေမယ့် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွေက အလွန်အကျွံ ကြိုးနီစနစ်၊ ပြည်သူ့အရာရှိတွေအနေနဲ့ သူတို့ရဲ့ ဘဏ္ဍာရေးနဲ့ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခ ဖြစ်နိုင်ချေတွေကို ထုတ်ဖော်ရမယ်လို့ သေချာစေတဲ့ ဥပဒေတွေ၊ လာဘ်ပေးလာဘ်ယူမှုနဲ့ အဂတိလိုက်စားမှုဆိုင်ရာ အစီရင်ခံ တင်ပြသူတွေအတွက် ဥပဒေအကာအကွယ်၊ နိုင်ငံတော်ကို ကျဉ်းမြောင်းသော အကျိုးစီးပွားအလိုအားဖြင့် သိမ်းပိုက်မှု၊ ပြည်သူ့ရေးရာနဲ့ အစိုးရလှုပ်ရှားမှုများဆိုင်ရာ သတင်းအချက်အလက်တွေ ရရှိမှု စတဲ့ အချက်အလက်တွေကို အခြေခံပြီး နှစ်စဉ်ထုတ်ပြန်တာလို့ ဆိုပါတယ်။
၂၀၂၄ ခုနှစ်ရဲ့ ညွှန်ကိန်းမှာတော့ ဒိန်းမတ်နဲ့ ဖင်လန်နိုင်ငံတွေက ရမှတ် ၉၀ နဲ့ ၈၈ မှတ်စီနဲ့ ကမ္ဘာ့အဂတိလိုက်စားမှုအကင်းဆုံး ထိပ်တန်းနိုင်ငံတွေအဖြစ် ရပ်တည်နေသလို သူ့နောက်မှာတော့ အာဆီယံဒေသတွင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ စင်ကာပူနိုင်ငံရှိနေပြီး နယူးဇီလန်နဲ့ လူဇင်ဘတ်နိုင်ငံတွေကလည်း ထိပ်တန်း ၅ နိုင်ငံစာရင်းထဲ ရှိနေတာပါ။
အဂတိလိုက်စားမှု အဆိုးဝါးဆုံး အောက်ဆုံးအဆင့်နိုင်ငံတွေထဲမှာတော့ မြန်မာနိုင်ငံနဲ့အတူ မြောက်ကိုရီးယား၊ ဆူဒန်၊ နီဂရာဂွါး၊ အီကွေတိုရီရယ် ဂီနီယာ၊ အီရီထရီးယား၊ လစ်ဗျား၊ ယီမင်၊ ဆီးရီးယား၊ ဗင်နီဇွဲလား၊ ဆိုမာလီယာနဲ့ တောင်ဆူဒန်နိုင်ငံတွေ ရှိနေပါတယ်။
မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံကတော့ ရမှတ် ၄၃ မှတ်နဲ့ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ထဲ အဆင့် ၇၆ နေရာမှာ ရပ်တည်နေပြီး အိန္ဒိယနိုင်ငံကတော့ ရမှတ် ၃၈ မှတ်နဲ့ အဆင့် ၉၆ နေရာမှာ ရပ်တည်နေသလို ထိုင်းနိုင်ငံကတော့ ရမှတ် ၃၄ မှတ်နဲ့ အဆင့် ၁၀၇ နေရာမှာ အသီးသီး ရပ်တည်နေပါတယ်။