
ဖိလစ်ပိုင်နိုင်ငံ လွှတ်တော်က ဒု-သမ္မတ ဆာရာ ဒူတာတေးကို အကျင့်ပျက်ခြစားမှုဆိုင်ရာ စွပ်စွဲချက်တွေအရ စွဲချက်တင်ဖို့အတွက် မဲခွဲအတည်ပြုခဲ့ပါတယ်။
အခုလိုမျိုး အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်မှုအတွင်း အမတ် စုစုပေါင်း ၃၀၆ ယောက်ထဲက ၂၁၅ ယောက်ရဲ့ ထောက်ခံမှုကြောင့် အတည်ပြုဖို့လိုအပ်တဲ့ မဲအရေအတွက် ၃ ပုံ ၁ ပုံထက်ကို ကျော်လွန်ခဲ့ပါတယ်။
အဲဒီနောက် အမတ် ၂၄ ယောက်သာရှိတဲ့ အထက်လွှတ်တော်က စွပ်စွဲပြစ်တင်ရေး ဥပဒေကြမ်းကို ခုံရုံးတခုအနေနဲ့ စိစစ်ကြားနာသွားမှာပါ။
ဒါပေမဲ့လည်း လာမယ့်မေလထဲမှာ အထက်လွှတ်တော်အတွက် ရွေးကောက်ပွဲရှိတဲ့အလျောက် အချိန်ကြန့်ကြာနိုင်တယ်လို့ သိရပါတယ်။
ဆာရာဟာ အများပြည်သူပိုင် ရန်ပုံငွေထဲက ဒေါ်လာသန်းပေါင်းများစွာကို အလွဲသုံးစားလုပ်မှု အပါအဝင် လက်ရှိသမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ အပေါ် လုပ်ကြံသတ်ဖြတ်ဖို့ ခြိမ်းခြောက်မှုတွေနဲ့ စွပ်စွဲခံထားရပါတယ်။
တကယ်လို့သာ ဆာရာကို အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ရင် ရာထူးကနေ ထုတ်ပယ်ခံရမှာ ဖြစ်သလို နိုင်ငံ့သမိုင်းမှာလည်း ပထမဆုံး စွဲချက်တင် ဖယ်ရှားခံရတဲ့ ဒု-သမ္မတ ဖြစ်လာနိုင်ပါတယ်။
ဆာရာဘက်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့တဲ့အပြင် နိုင်ငံရေးအရ လက်စားချေမှုရဲ့ သားကောင်သာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒီလိုမျိုး နိုင်ငံရေးဩဇာကြီးမားတဲ့ မိသားစုနှစ်ခုအကြား ပဋိပက္ခဖြစ်ပွားမှုဟာ ပိုမိုဆိုးရွားလာခဲ့သလို နိုင်ငံရဲ့ အနာဂတ်အပေါ်မှာလည်း သက်ရောက်မှု ရှိလာနိုင်ပါတယ်။
ဆာရာဟာ သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးရဲ့ သမီးဖြစ်ပြီး မားကို့စ်ဟာ ကွယ်လွန်သွားပြီဖြစ်တဲ့ အာဏာရှင်ဟောင်း ဖာဒီနန် မားကို့စ် စီနီယာရဲ့ သားဖြစ်တဲ့အတွက် ထင်ရှားတဲ့ နိုင်ငံရေးမျိုးဆက်တွေလို့ ဆိုရမှာပါ။
ဖိလစ်ပိုင်နိုင်ငံရဲ့ အခြေခံဥပဒေကလည်း သမ္မတတာဝန်ကို ၆ နှစ်သက်တမ်း တကြိမ်သာ ထမ်းဆောင်ခွင့်ပြုတဲ့အတွက် ၂၀၂၈ ခုနှစ်မှာ ဆာရာဟာ ရာထူးဆက်ခံနိုင်မယ့်သူအဖြစ် ရှုမြင်ခံထားရပါတယ်။
၂၀၂၂ ရွေးကောက်ပွဲတုန်းက မားကို့စ်နဲ့ ဆာရာဟာ စည်းလုံးညီညွတ်မှုပုံရိပ်ကို ပြသနိုင်ခဲ့ပေမဲ့လည်း အာဏာရလာပြီးချိန်မှာတော့ သဘောထားကွဲလွဲမှု အက်ကြောင်းတွေ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။
Source : Reuters