အိန္ဒိယနိုင်ငံရဲ့ ဘဏ္ဍာရေးရာဇဝတ်မှု အေဂျင်စီဟာ မြို့တော်ရဲ့ အရက်မူဝါဒနဲ့စပ်လျဉ်းတဲ့ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်တွေနဲ့ ဆက်နွှယ်ပြီး ဒေလီရဲ့ဝန်ကြီးချုပ် အာဗင်းဒ် ကက်ဂျ်ရီဝါလ်ကို မတ် ၂၁ ရက်မှာ ဖမ်းဆီးခဲ့ကြောင်း သူ့ရဲ့ပါတီက ပြောကြားခဲ့ပြီး ဒီဖြစ်ရပ်ဟာ ရွေးကောက်ပွဲမတိုင်ခင် အတိုက်အခံတွေအတွက် ဆုတ်ယုတ်မှုတခုလည်း ဖြစ်ပါတယ်။
ဒေလီရဲ့ ကျန်းမာရေးဝန်ကြီး ဆော်ရာ့ဘ် ဘာရ်ဒွာ့ဂျ်က “ဒီစီးနင်းမှုမှာ ဝန်ကြီးချုပ် ကက်ဂျ်ရီဝါလ်ရဲ့ နေအိမ်ကို ရှာဖွေခဲ့ရာမှာ ငွေသား အိန္ဒိယရူပီး ၇၀,၀၀၀ ကိုသာ ရှာတွေ့ခဲ့ပြီး ED (တရားစွဲဆိုမှု ညွှန်ကြားမှုဦးစီးဌာန) မှ ပြန်လည်ပေးအပ်ခဲ့ကြောင်းနဲ့ ဝန်ကြီးချုပ်ရဲ့ လက်ကိုင်ဖုန်းကို ယူသွားပြီးတော့ သူ့ကိုလည်း ဖမ်းသွားပါပြီ” လို့ ပြောပါတယ်။
၂၀၂၂ ခုနှစ်မှာ ဒေလီအစိုးရက အကောင်အထည်ဖော်ခဲ့တဲ့ ယစ်မျိုးမူဝါဒဟာ မြို့တော်မှာ ယစ်မျိုးရောင်းချမှုအပေါ် ထိန်းချုပ်မှုကို ရပ်တန့်စေခဲ့ပြီး ပုဂ္ဂလိက လက်လီရောင်းချသူတွေကို မတန်တဆ အခွင့်ကောင်းတွေ ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အေဂျင်စီက စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။
သူအဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ထောက်ခံသူ အများအပြားဟာ သူ့နေအိမ်အပြင်ဘက်မှာ ဆန္ဒပြခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ခဲ့ပါတယ်။
အသက် ၅၅ နှစ်ရှိ ဒေလီဝန်ကြီးချုပ် ကက်ဂျ်ရီဝါလ်ဟာ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး သူရဲကောင်းတဦးအဖြစ် အာဏာရလာခဲ့ပြီး ၂၀၁၁ ခုနှစ်မှာတော့ ဟင်ဒီဘာသာစကားနဲ့ “ဘုံလူသား ပါတီ” လို့ အဓိပ္ပာယ်ရတဲ့ အာမ်အာဒ်မီပါတီ (AAP) ကို တည်ထောင်ခဲ့ပါတယ်။
ပါတီရဲ့ အဓိကခေါင်းဆောင်တွေလည်း ထောင်ထဲမှာ ရှိနေကြပြီး မနှစ်တုန်းကလည်း ဒေလီဝန်ကြီးချုပ် ကက်ဂျ်ရီဝါလ်ရဲ့ လက်ထောက်နှစ်ဦးကိုလည်း အလားတူ ပြစ်မှုစွဲချက်နဲ့ပဲ ဖမ်းဆီးထားတာပါ။
ဒီလုပ်ရပ်တွေကိုတော့ ပါတီက “ညစ်ပတ်တဲ့ နိုင်ငံရေး” လို့ ရှုတ်ချထားပါတယ်။
Source/Photo-Reuters