Home
နိုင်ငံတကာ
ဘတ် ၁၈ သန်းတန် ကျွဲဖြူ   ထိုင်းဝန်ကြီးချုပ်ထံ လာရောက်   
DVB
·
March 22, 2024
thai world 2232024

ထိုင်းနိုင်ငံမှာ တန်ဖိုးအရှိဆုံးနဲ့ အရှားပါးဆုံးလို့ တင်စားခေါ်ဝေါ်တဲ့ ကျွဲဖြူကြီးတကောင် မတ် ၂၀ ရက်က  ထိုင်းဝန်ကြီးချုပ် ဆေထာထဝီးဆင်ထံ  အလည်ရောက်ရှိလာတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

အစိုးရအနေနဲ့ ထိုင်းကျွဲမွေးမြူရေးလုပ်ငန်းကို ကမ္ဘာ့ဈေးကွက်ထိ‌ရောက်အောင် မြှင့်တင်ပေး စေလိုတဲ့ ရည်ရွယ်ချက်နဲ့  မိမိရဲ့ လှပခန့်ငြားတဲ့ကျွဲကြီးကို ဝန်ကြီးချုပ်ဆီ ခေါ်လာပြတာပါလို့ ကျွဲ ပိုင်ရှင် ကျေးဝဏ္ဏဆုဝမ်းက ပြောပါတယ်။

အဆိုပါ ကျွဲဖြူကြီးရဲ့ အမည်မှာ ကို့ မိုင်းဖေ့ချ်လို့ခေါ်ပြီး အသက် ၄ နှစ်နဲ့ ၁၁ လ ၊ အမြင့် ၁၇၅ မီတာ၊ အလေးချိန် ၁၅၀၀ ကီလိုဂရမ်ရှိကြောင်း၊ ကာလပေါက်ဈေးမှာ ဘတ် ၁၈ သန်းတန်တယ်၊ ဒူဘိုင်းသူဌေးကြီးတဦးက ဘတ် ၂၅ သန်းနဲ့ ပေးဝယ်ပေမယ့် မရောင်းခဲ့ဘူးလို့ ကျွဲပိုင်ရှင်က ပြောပါတယ်။

ကျွဲဖြူကြီးဟာ ထိုင်းအနောက်ပိုင်း ဖစ်ချ်ဘူရီခရိုင် ဝဏ္ဏဆုဝမ်ကျွဲခြံကဖြစ်ပြီး  မိုးထဲရေထဲ ဘန်ကောက်မြို့ထဲ ဝင်ရောက်လာတာမှာ မြင်ရသူတိုင်း အံ့သြဝမ်းသာစွာနဲ့ ဓာတ်ပုံတွေ အတူရိုက်ခဲ့ကြပါတယ်။ 

ဝန်ကြီးချုပ်ဆေထာထဝီးဆင်မှာလည်း ကျွဲကြီးကိုမြင်တော့ လွန်စွာနှစ်ခြိုက်အားရပြီး ထိုင်းကျွဲ မွေးမြူရေးကို မြှင့်တင်အားပေးမယ်၊  ထိုင်းကျွဲတွေ ကမ္ဘာ့ဈေးကွက်မှာ မျက်နှာပန်းလှ အောင်လုပ်ရမယ်၊ ဒါဟာလည်း နိုင်ငံရဲ့ Soft Power တမျိုးပါပဲလို့ ပြောသွားပါတယ်။ 

အဆိုပါကျွဲကြီးမှာ အသက် ၄ နှစ်ကျော်သာရှိသေးတာမို့ ဖွံ့ဖြိုးကြီးထွားမှုမရပ်တံ့သေးကြောင်း၊ နောက်ထပ် ၃ နှစ်ဆို အလေးချိန် ၁၈၀၀ ကီလိုဂရမ်ရှိမယ်၊  ကျွဲဖြူကြီးကို နိုင်ငံခြားသားတွေ ကြည့်ရအောင်လို့ လာမယ့် သင်္ကြန်ရေသဘင်ပွဲကျရင် ဘန်ကောက် ခေါက်ဆန်လမ်းမှာ ခေါ်လာဦးမယ်၊  တရုတ်၊ ဗီယက်နမ်၊ လာအိုနိုင်ငံက ကျွဲပြပွဲတွေလည်း ခေါ်သွားဦးမယ်လို့  ကျွဲပိုင်ရှင်က ပြောသွားပါတယ်။ 

Resource/ Photo- Workpoint Today

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013