Home
မြန်မာသတင်း
တနင်္သာရီတွင် စစ်တပ်လက်နက်ကြီးကြောင့် စစ်ရှောင် ပြည်သူ ၂ ဦး ဒဏ်ရာရ
DVB
·
March 22, 2024
wap 2232024

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ရင်းတွေက လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် စစ်ရှောင် ပြည်သူနှစ်ယောက် လက်နက်ကြီးထိမှန်ပြီး စိုးရိမ်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

မတ် ၂၁ ရက် မနက်က စစ်ကောင်စီရဲ့ ၃၀၆ မော်တုန်းအမြောက်တပ်ရင်းနဲ့ ဇဝဲရွာအခြေစိုက် ခမရ ၅၅၆ တပ်ရင်းတို့ကနေ တိုက်ပွဲမရှိဘဲ လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခဲ့တာဖြစ်ပြီး စစ်ရှောင်တွေနေထိုင်တဲ့နေရာအနီးတဝိုက်ကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

မော်တုန်းဒေသခံအမျိုးသမီးတယောက်က “မနက်တည်းကပစ်နေတာ။ အခုထိတဲ့နေရာက ပြင်ဝန်းရွာနဲ့ သွားနီးတယ်။ ထိတာက ဇဝဲတပ်ကပစ်လို့ ထိတာ။ စစ်ရှောင်စခန်းဆိုပေမဲ့ သူ့အစုနဲ့ သူတို့ဘာသာပဲ တဲအိမ်ငယ်တွေဆောက်ပြီး နေထိုင်နေကြတာပါ။ အခုညတောင် ထပ်ပစ်နေသေးတယ်” လို့ ပြောပါတယ်။

ယခင်တိုက်ပွဲတွေကြောင့် ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်လာကြပြီး တောတွင်းတနေရာမှာ စစ်ဘေးရှောင်နေကြတဲ့ အသက် ၆၀ နီးပါးအရွယ် ဦးရွှေဝင်းနဲ့ ဦးအေးဝင်းတို့ ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ စစ်ရှောင်ပြည်သူနှစ်ယောက်ထဲက ညာဘက်နားရွက်အနောက် လက်နက်ကြီးကျည်စထိမှန်ခဲ့တဲ့ သူမှာတော့ ဒဏ်ရာပြင်းထန်တာကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပြီး ကျန်တယောက်မှာတော့ ဒဏ်ရာမပြင်းထန်ဘူးလို့ ပြောပါတယ်။

"လူနာတွေကို ရွာယူလာသေးတယ်။ ရမ်းဖိုးရွာသားကတော့ မစိုးရိမ်ရဘူး။ ပဝဆေးခန်းကို ပို့လိုက်တယ်။” လို့ မော်တုန်းဒေသခံအမျိုးသမီးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လအစပိုင်းလောက်ကလည်း တနင်္သာရီမြို့နယ် လယ်တောင်ရွာမှာ စစ်တပ်လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဆိုင်ကယ်မောင်းနှင်လာတဲ့ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ ကျည်စထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။ 

တနင်္သာရီမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာကြောင့် နေအိမ်နဲ့အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးသူတွေများပြားသလို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးပြီး စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေထိုင်ကြသူတွေလည်း အများအပြားရှိတယ်လို့ စစ်ရှောင်ကူညီပေးသူတွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013