Home
နိုင်ငံတကာ
အမေရိကန်တင်သွင်းသည့် ဂါဇာအပစ်ရပ်ရေး ကုလလုံခြုံရေးကောင်စီတွင် မဲခွဲမည်
DVB
·
March 22, 2024
UNSC_22032024

ဂါဇာမှာ ချက်ချင်းအပစ်ရပ်ရေးနဲ့ အစ္စရေး-ဟားမတ်စ် ဓားစာခံလဲလှယ်ရေး တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်တရပ်ကို အမေရိကန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဒီနေ့ မတ် ၂၂ ရက်မှာ တင်သွင်းသွားမယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

လူသားချင်းစာနာမှု အကူအညီတွေ ခွင့်ပြုဖို့၊ အရပ်သားတွေကို အခုထက် ပိုကာကွယ်ပေးဖို့ မဟာမိတ် အစ္စရေးကို အမေရိကန်က ဖိအားတိုးပေးလာတာ ဖြစ်ပါတယ်။

ကုလလမ်းကြောင်းကနေ ဖိအားပေးသလို တဖက်မှာလည်း ဆွေးနွေးပွဲလမ်းကြောင်းကနေ အပစ်ရပ်နိုင်ဖို့လည်း ကြိုးစားနေပါတယ်။

အစ္စရေး ထောက်လှမ်းရေးအကြီးအကဲကလည်း မတ် ၂၂ ရက် ဒီကနေ့မှာပဲ ကိုင်ရိုကိုသွားပြီး အပစ်ရပ်ဆွေးနွေးပွဲ တက်ရောက်မှာ ဖြစ်ပါတယ်။

အမေရိကန်၊ ကာတာနဲ့ အီဂျစ် ကြားဝင်ညှိနှိုင်းပေးတဲ့ ဆွေးနွေးပွဲကနေ အစ္စရေးနဲ့ ဟားမတ်စ်အကြား အပစ်ရပ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောပါတယ်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက်မူကြမ်းကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံစလုံးနဲ့ ညှိပြီးမှ တင်တာလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် နိတ်အီဗန်စ်က ပြောပါတယ်။

ကုလလုံခြုံရေးကောင်စီမှာ ဂါဇာအပစ်ရပ်ဖို့ တခြားနိုင်ငံတွေက လုံခြုံရေးကောင်စီမှာ တင်ပြတဲ့အခါတိုင်း အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချခဲ့တာ ဖြစ်ပါတယ်။

ဒီတခါမှာတော့ အမေရိကန်ကိုယ်တိုင် အပစ်ရပ်ရေး ဆုံးဖြတ်ချက်ကို တင်ပြလာတာ ဖြစ်ပါတယ်။

Source/Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013