Home
မြန်မာသတင်း
ဧရာဝတီတိုင်းနှင့် ရခိုင် ထိစပ်နေသည့် ဒေသများ၌ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး
DVB
·
March 22, 2024
mil 2232024

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် ထိစပ်နေတဲ့ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့မှာ စစ်ကောင်စီတပ်က မတ်လ ဒုတိယအပတ်ကစပြီး စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုတွေ ပိုမိုလုပ်ဆောင်လာလို့ ဒေသခံတောင်သူတွေ လုပ်ငန်းတွေမလုပ်ရဲ ဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်က ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် ထိစပ်နေတဲ့ ရွှေသောင်ယံမြို့ မကျီးစင်ကျေးရွာအုပ်စုဘက်ကို ရက္ခိုင့်တပ်တော် (AA) ဝင်ရောက်လာတယ်လို့ ယူဆပြီး စစ်ကောင်စီတပ်သား အင်အား ၁၀၀ နီးပါးနဲ့ မတ်လ ဒုတိယအပတ်ကနေ စတင်ပြီး စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုတွေ လုပ်နေတာကြောင့် လယ်ယာလုပ်ငန်းတွေနဲ့ တခြားလုပ်ငန်းတွေ ကောင်းကောင်းမလုပ်ရဲ ဖြစ်နေတာလို့ ဒေသခံ တောင်သူတွေက ဆိုပါတယ်။

ရွှေသောင်ယံမြို့ခံတဦးက “တနေ့မှ အလုပ်ကောင်းကောင်း မလုပ်ရဘူး။ စစ်ကောင်စီတပ်သားတွေကို ရှောင်နေရတာနဲ့။ သူတို့လာတာနဲ့ အလုပ် လုပ်နေတာတွေ့ရင် PDF တွေလာလား၊ အကြမ်းဖက်အဖွဲ့တွေကို မဝှက်ထားနဲ့၊ ဖမ်းမယ် ဆီးမယ် ပြောတာ။ ကြောက်တယ်လေ။ သူတို့က လူစိတ်ရှိတာ မဟုတ်ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာတွေ လုပ်နေတဲ့အပြင် ဒေသခံတွေရဲ့ ကြက်တွေ၊ ဝက်တွေ သတ်ဖြတ်ယူဆောင်သွားသလို တောတောင်တွေထဲမှာ ထင်းခွေတာ၊ ဝါးခုတ်တာ၊ လယ်ယာလုပ်ငန်းတွေ လုပ်နေတာတွေ့တဲ့ အမျိုးသားတွေကို PDF လို့ စွပ်စွဲပြီး ဖမ်းဆီးတာတွေပါ လုပ်နေတာလို့ ဆိုပါတယ်။

“အကုန်ဖမ်းတာ၊ အမျိုးသားဆို ကြီးကြီးငယ်ငယ်၊ အဲဒါကြောင့် ဘယ်သူမှ အလုပ်ကောင်းကောင်း မလုပ်ရဲ ဖြစ်နေတာ။ သူတို့ စစ်ကြောင်းထိုး သူရဲဘောကြောင်နေတာကို မပြောဘူး၊ အိမ်က သားတွေ၊ အမျိုးသားတွေ ကိုယ့်အလုပ် ကောင်းကောင်းလုပ်ရတဲ့နေ့ကို မရှိဘူး” လို့ နောက်ထပ် ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက ကြံခင်းမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်၊ ပုသိမ်၊ ချောင်းသာ၊ ငွေဆောင်၊ ငရုတ်ကောင်း၊ မော်တင်ကမ်းခြေတွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဒုတိယအပတ်ကလည်း စစ်ကြောင်းထိုးကာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က ဧရာဝတီတိုင်းနဲ့ ရခိုင်ရိုးမအစပ်မှာ နေထိုင်တဲ့ ဒေသခံတွေကို တောအတွင်း သစ်၊ ဝါး ခုတ်ယူတာတွေ မလုပ်ဖို့၊ တောအတွင်းနေထိုင်ပြီး လယ်ယာလုပ်ငန်း မလုပ်ဖို့၊ လူစုဖွဲ့မနေဖို့၊ ညအိပ်နေထိုင်ပြီး အလုပ်မလုပ်ဖို့ စတဲ့အချက်တွေကို ဖိအားပေး ညွှန်ကြားထားတယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013