ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ ကျိန်းဆဲန်မြို့နယ်မှာ မတ် ၂၀ ရက်က တရားမဝင် ဝင်လာတဲ့ တရုတ်နိုင်ငံသား ကိုးဦး ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
အဲဒီနေ့ ည ၉ နာရီခွဲလောက်က ကျိန်းဆဲန်မြို့နယ် လဝကရဲတပ်ဖွဲ့ဝင်တွေဟာ မဲခေါင်မြစ် ကမ်းနားလမ်းတလျှောက် တာဝန်ထမ်းဆောင်စဉ် ဝိန်းရပ်ကွက် ဘန့်ဟွေ့ကိန်ရွာအနီးမှာ မသင်္ကာဖွယ် လူငယ်လူရွယ်တစုကို စစ်ဆေးခဲ့တာမှာ တရုတ်နိုင်ငံသားတွေဖြစ်တယ်ဆိုတာ တွေ့ရပြီး ထိုင်းနိုင်ငံထဲ တရားဝင် ဝင်လာတဲ့ အထောက်အထားမရှိတာကြောင့် ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။
စကားပြန်ကနေ တဆင့် စစ်ဆေးရာမှာ ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နှစ်မှ ၂၉ နှစ်ကြား လူရွယ် ၉ ဦးဖြစ်ပြီး တရုတ်ပြည် Jiangxi , Jiangsu , Hunan , Guangxi Zhuang , Xinjiang Uyghur စတဲ့ပြည်နယ်တွေက လာသူတွေလို့ သိရပါတယ်။
ဖမ်းဆီးခံရသူ အားလုံးကို လဝက ဥပဒေနဲ့ အရေးယူဖို့ ကျိန်းဆဲန်မြို့နယ်ရဲစခန်းမှာ ထိန်းချုပ်ထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။