ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဇောတိကုန်းကျေးရွာမှာ မတ် ၂၁ ရက်က စစ်မှုထမ်းမယ့်သူတွေကို မဲနှိုက်ရွေးချယ်ရာ အုပ်ချုပ်ရေးမှူးက သူ့မိသားစုကို ချန်ထားတာကြောင့် ရွာသားတွေက ဝိုင်းရိုက်ခဲ့ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မတ် ၂၁ ရက် ဇောတိကုန်းကျေးရွာမှာ တအိမ်တယောက် မဖြစ်မနေ စစ်မှုထမ်းဖို့ အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးပြုလုပ်ပြီး မဲနှိုက်ရွေးချယ်ရာမှ ပြဿနာတက်ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။
"ဇောတိကုန်းရွာ ဘောဓိရွာလို့လည်း ခေါ်တယ်။ အဲ့ရွာမှာ မနေ့က စစ်မှုထမ်းစာရင်းကောက်တာ၊ အုပ်ချုပ်ရေးမှူးက သူ့အမျိုးတွေ မိသားစုတွေချန်ထားလို့ ရွာကလူတွေနဲ့ ရန်တွေဖြစ်ကြတယ်။ ရွာသားတွေက အုပ်ချုပ်ရေးမှူးကို ဝိုင်းရိုက်တာ ဆေးရုံရောက်သွားတယ်။”
ဇောတ်ကုန်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ စစ်မှုထမ်းရမယ့်သူ ရွေးချယ်ရာမှာ အုပ်ချုပ်ရေးမှူးမိသားစုနဲ့ဆွေမျိုးတွေကို ချန်ထားခဲ့တာကြောင့် ကျေးရွာနေသူတွေနဲ့ ငြင်းခုနေကြရင်း ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အုပ်ချုပ်ရေးမှူးဟာ မိုးညှင်းတိုက်နယ်ဆေးရုံမှာ ဆေးကုသမှုခံနေရတယ်လို့ မြို့ခံတဦးက DVB ကို ပြောပါတယ်။
“မဲနှိုက်တဲ့အစီအစဥ်လည်း ပျက်သွားတယ် အုပ်ချုပ်ရေးမှူးက သေလားရှင်လားတော့ မသိရဘူး။”
အလားတူပင် မိုးညှင်းမြို့နယ် ရပ်ကွက်နဲ့ကျေးရွာတွေမှာလည်း စစ်ကောင်စီအတွက် အုပ်ချုပ်ရေးအဖွဲ့တွေက စစ်မှုထမ်းဖို့အတွက် စာရင်းလိုက်လံကောက်ခံနေကြတယ်လို့ သိရပါတယ်။
မိုးညှင်းမြို့နယ်မှာ စစ်မှုထမ်းဆင့်ခေါ်ရေးနဲ့ ပတ်သက်ပြီး မတ် ၅ ရက်က နယ်မြေခံတပ်နယ်နဲ့အတူ ခရိုင်ထွေအုပ်က ပူးပေါင်းစည်းရုံးခဲ့တာလည်းဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင်က ဖေဖော်ဝါရီ ၁၀ ရက်က အာဏာတည်ကြောင်းထုတ်ပြန်ခဲ့တာပါ။