စမတ်ဖုန်းစျေးကွက်ကို လက်ဝါးကြီးအုပ်ပြီး ပြိုင်ဘက်ငယ်တွေကို ထိခိုက်စေကာ စျေးနှုန်းကို ဆွဲတင်တယ် ဆိုပြီးတော့ Apple ကုမ္ပဏီကို အမေရိကန် တရားရေးဌာနနဲ့ ပြည်နယ် ၁၅ ခုက တရားစွဲဆိုလိုက်ပါတယ်။
ဒေါ်နယ်ထရမ့်ပ် လက်ထက်နဲ့ ဂျိုးဘိုင်ဒင် လက်ထက်မှာ ဒီလို လက်ဝါးကြီးအုပ်မှုနဲ့ တရားစွဲဆိုခံရတာ Apple တခုတည်းတော့ မဟုတ်ဘဲ Google ရဲ့ Alphabet, Facebook ရဲ့ Meta, Amazon စတဲ့ ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။
“ကုမ္ပဏီတွေက လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေး ဥပဒေတွေကို ချိုးဖောက်တာကြောင့် သုံးစွဲသူတွေက စျေးကြီးပေးနေရတာ မဖြစ်သင့်ပါဘူး။ ဒီအတိုင်း မပြောင်းမလဲ သွားမယ်ဆိုရင် Apple က စမတ်ဖုန်းစျေးကွက်ကို လက်ဝါးကြီးအုပ်မှု ပိုအားကောင်းလာပါလိမ့်မယ်” လို့ ရှေ့နေချုပ် မာရစ်ဂါလန်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Apple ဟာ အိုင်ဖုန်းတလုံးကို ၁,၅၉၉ ဒေါ်လာအထိ ယူနေပြီး ဒီလုပ်ငန်းနယ်ပယ်ထဲမှာ ဘယ်ကုမ္ပဏီထက်မဆို အကျိုးအမြတ် အများကြီး ပိုရနေတယ်လို့ တရားရေးဌာနက သုံးသပ်ပါတယ်။
တရားရေးဌာနကတော့ Apple ရဲ့ အလုံးစုံချုပ်ကိုင်တဲ့ ပုံစံကို ပြင်စေချင်ပြီး Apple ဒီဇိုင်းဆွဲတဲ့ Hardware တွေပေါ်မှာ အက်ပလီကေးရှင်းတွေကို သုံးသူတွေ စိတ်ကြိုက်နေရာက ရယူသုံးစွဲခွင့်ပြုတာမျိုး လွတ်လပ်ခွင့်ပေးဖို့ လိုလားနေပါတယ်။
စျေးကွက်တန်ဖိုး ဒေါ်လာ ၂ ဒသမ ၇ ထရီလီယံ တန်ကြေးရှိတဲ့ Apple ကုမ္ပဏီဟာ အခုကိစ္စကြောင့် မတ် ၂၁ ရက်မှာ ရှယ်ယာစျေး ၄ ဒသမ ၁ ရာခိုင်နှုန်း ကျသွားခဲ့ပါတယ်။
Apple ကတော့ အစိုးရရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုသွားပြီး Hardware နဲ့ Software ပေါင်းစပ်ဝန်ဆောင်မှု ပေးမှသာ ပြည်သူတွေက Apple ဆီက မျှော်လင့်ထားတဲ့ နည်းပညာမျိုး ဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
Source/Photo-Reuters