ရန်ကုန်နဲ့ မြဝတီ ပြေးဆွဲနေသော လမ်းပိုင်း ထို့ကော်ကိုးကားလမ်းကို မတ် ၂၅ ရက်နေ့မှ စတင်ပြီး သင်္ကြန်အပြီးကာလထိ ပိတ်ထားမယ်လို့ သတင်းတွေ ထွက်ပေါ်လာတာကြောင့် ယာဉ်စီးနှုန်းထားတွေ ၂၅၀,၀၀၀ ထိ မြင့်တက်ခဲ့တယ်လို့ အဝေးပြေးယာဉ်မောင်းတွေဆီက သိရပါတယ်။
ထို့ကော်ကိုးကားလမ်း ပိတ်တော့မယ်ဆိုပြီး မတ် ၂၁ ရက်က သတင်းတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့ပြီး နောက်ပိုင်း အခုလို ယာဉ်စီးခနှုန်း မြင့်တက်ခဲ့တာလို့ ဆိုပါတယ်။
အဝေးပြေးယာဉ်မောင်း ကိုကျော်ကျော်လတ်က “သတင်းမထွက်ခင်ကတည်းက ကားခတက်ဖို့ တိုင်ပင်နေကျတာ။ ဆီဈေးနဲ့ကားပြင်စဉ်စရိတ်တွေက တအားတက်နေတာ။ လမ်းခရီး တခါထွက်လို့ ကားပြင်ရပြီဆိုတာနဲ့ အိပ်ပါစိုက်ရတဲ့ အခြေအနေမျိုးတွေရှိတယ်။ လမ်းကလည်း အတော်ဆိုးတော့ အနည်းဆုံး သုံးကြောင်းထွက်တာနဲ့ တခါပြင်ရတယ်” လို့ DVB ကို ပြောပါတယ်။
အခုလို ကားခမြင့်တက်ရတာဟာ တောလမ်းတွေကို ဖြတ်သန်းသွားလာရပြီး ကားပျက်စီးပါက ပြင်စရိတ်မြင့်တက်နေရတဲ့အတွက် ဈေးနှုန်းမြင့်တက်ရတာလို့ ဆိုပါတယ်။
ကော်ကိုးကားလမ်းကို မတ် ၂၅ ရက်နေ့ ပိတ်မယ်ဆိုတာနဲ့ပတ်သက်ပြီး အဲ့ဒီလမ်းပိုင်းကို လုံခြုံရေးယူထားတဲ့ စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့တွေက တရားဝင်သတင်းထုတ်ပြန်ထားတာမရှိသေးဘဲ ယာဉ်မောင်းတွေကတော့ လုံခြုံရေးတာဝန်ယူထားသူတွေကို မေးမြန်းကြည့်ရာမှာ သတင်းမှားသာဖြစ်တယ်လို့ သိရပါတယ်။
ယာဉ်စီးခနှုန်းထား အဆမတန်မြင့်တက်မှုကြောင့် ခရီးသွားပြည်သူတေါ အခက်အခဲများစွာရှိပြီး ထိုင်းနိုင်ငံမှ တင်သွင်းသော ကုန်ပစ္စည်းတွေလည်း ရပ်နားထားရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ပွဲများဖြစ်ပွားနေတာကြောင့် အာရှလမ်းမကြီးကို ပိတ်ထားပြီး တောလမ်းတွေကို အသုံးပြုနေရတဲ့အတွက် ယခင် ၂၅,၀၀၀ ကနေ ၇၀,၀၀၀ အထိမြင့်တက်ခဲ့ပြီးနောက် အခု ၂၅၀,၀၀၀ ထိ ထပ်မံမြင့်တက်ခဲ့တာလို့ သိရပါတယ်။
Photo cj