Home
မြန်မာသတင်း
စစ်ရေးပဋိပက္ခ ပြင်းထန်နေသည့် ရခိုင်တွင် ဆေးဝါးပြတ်တောက်
DVB
·
March 22, 2024
medi 2232024

စစ်ရေးပဋိပက္ခတွေ ပြင်းထန်စွာဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ ဆေးဝါးပြတ်တောက်မှု မြင့်တက်လာနေတာကြောင့် အသက်သေဆုံးမှုတွေပါ ရှိလာနေကြတယ်လို့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ စစ်ရေးပြင်ထန်နေတာတွေ၊ စစ်ကောင်စီက ဆေးဝါးနဲ့ ကုန်စည်စီးဆင်းမှု ဖြတ်တောက်ထားတာတွေအပါဝင် လေကြောင်းကနေ ဆေးရုံ၊ ဆေးခန်းတွေကို ဗုံးကြဲတိုက်ခိုက်နေတာတွေကြောင့် ရခိုင်ဒေသခံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေဟာ ဆိုးရွာစွာ ထိခိုက်လာနေတယ်လို့ ကျန်းမားရေးဝန်ထမ်းတွေနဲ့ လူမှုကူညီရေးပေးနေသူတွေက ပြောကြပါတယ်။

“ဆေးဝါးက ရခိုင်ပြည်နယ်က ဆေးရုံတွေ၊ ဆေးခန်းတွေမှာ လုံးဝနီးပါးကို ပြတ်တောက်လာပြီလို့ ပြောလို့ရတယ်။ အထူးသဖြင့် အတွင်းလူနာတွေ ရောက်လာပြီးဆိုရင် ကုသဖို့ ဆေးမရှိလို့ အသက်ဆုံးသွားတဲ့ လူနာတွေတောင် ရှိလာကြတယ်။ စစ်ကောင်စီဘက်ကလည်း ဆေးဝါးထောက်ပံ့မှု လုံးဝမရှိတော့သလို ဆေးဝါးသယ်ဆောင်မှုတွေကိုပါ ဖြတ်တောက်ထားတယ်" လို့ ကျောက်တော်မြို့နယ်က ကျန်းမာရေးဝန်ထမ်းတဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လွတ်လပ်စွာ ဆေးဝါးသယ်ယူပို့ဆောင်ခွင့်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကတည်းက စစ်ကောင်စီက ပိတ်ပင်ထားတာဖြစ်ပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက်ပိုင်း မြို့နယ်တိုင်းကို ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့လိုက်တာကြောင့် ဆေးဝါးသယ်ယူဖို့ ပိုပြီး ခက်ခဲလာခဲ့တယ်လို့ ရခိုင်ပြည်နယ်မှာ လုပ်ငန်းနေကြတဲ့ ဆေးကုမ္ပဏီဝန်ထမ်းတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်တွေက ဆေးရုံတွေမှာ ဆေးဝါးမလုံလောက်သလို စစ်တွေမြို့မှာလည်း ဆေးကုဖို့ စစ်ကောင်စီက လမ်းပိတ်ထားတဲ့အတွက် သွားလာခွင့်မရဘဲ အသက်ဆုံးရှုံးမှုတွေ မြင့်တက်လာတယ်လို့ ပုဏ္ဏားကျွန်းမြို့ခံတဦးက ပြောပါတယ်။

"ရခိုင်ဘက်မှာ ဆေးဝါးပြတ်လပ်မှု အန္တရာယ်က တနေ့ထက်တနေ့ ကြီးလာတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ မြို့နယ်တွေနဲ့ အေအေဘက်က သိမ်းပိုက်ထားတဲ့ မြို့နယ်တွေမှာလည်း ဆေရုံးတွေက ပုံမှန်လည်ပတ်နိုင်မှုမရှိတော့ဘူး။ ရောဂါဖြစ်လာရင် ပိုက်ဆံရှိလို့ စစ်တွေကို သွားကုမယ်ဆိုရင်တောင် စစ်ကောင်စီက လမ်းပိတ်ထားလို့ သွားခွင့်မရတာကြောင့် အသက်ဆုံးရှုံးသွားတဲ့သူတွေ မနည်းတော့ဘူး။ အရေးပေါ်လူနာတွေ ကိုယ်ဝန်သည်မိခင်တွေ၊ ကလေးသူငယ်နဲ့ သက်ကြီးအိုရွယ်တွေရဲ့ ကျန်းမာရေး စောက်ရှောက်မှုက အရမ်းအားနည်းနေတဲ့ အခြေအနေမှာရှိတယ်" လို့ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာတော့ AA ရဲ့ ဆေးဖက်ဆိုင်ရာ ဝန်ထမ်းတွေက ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေကို ဆေးကုသမှုပေးနေပေမဲ့ ဆေးဝါးလုံလောက်မှု အားနည်းနေသေးတယ်လို့ လူမှုကူညီရေး ဆောင်ရွက်နေသူတွေက ပြောကြပါတယ်။

AA က သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ် ပေါက်တော၊ မြောက်ဦး၊ မင်းပြားနဲ့ ရမ်းဗြဲမြို့နယ်တွေက ဆေးရုံ၊ ဆေးခန်းတွေကို စစ်ကောင်စီက လေးကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သလို မောင်တောမြို့နယ် ပြည်သူ့ဆေးရုံကိုလည်း တိုက်ပွဲမဖြစ်ပွားဘဲ မတ် ၃ ရက်နေ့ကစပြီး ပိတ်လိုက်တာကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိလာနေပါတယ်။

ရခိုင်ပြည်နယ်ရှိ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲမြို့နဲ့ တောင်ပြိုလက်ဝဲမြို့တို့နဲ့ ချင်းပြည်နယ် ပလက်ဝမြို့တို့ကို AA က သိမ်းပိုက်ထားပြီး ဘူးသီးတောင်မြို့နယ်၊ မောင်တောမြို့နယ်နဲ့ တောင်ကုတ်မြို့နယ်တွေမှာလည်း နှစ်ဖက်စစ်ရေးတင်းမာနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013