Home
မြန်မာသတင်း
ရေး-ထားဝယ်လမ်းကို ညဘက်အသုံးမပြုရန် ဗထူးတပ်မတော် သတိပေး
DVB
·
March 22, 2024
ba 2232024

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်းရှိ ရေး-ထားဝယ်လမ်းမကြီးကို ညဘက်အသုံးမပြုဖို့နဲ့ စစ်မှုထမ်းဥပဒေကို‌ အကောင်အထည်ဖော်ရာမှာ ပါဝင်ဆောင်ရွက်နေတဲ့ ဘယ်သူမဆို စစ်ရေးအရအရေးယူသွားမယ်လို့ ဗထူးတပ်မတော်က မတ် ၂၂ ရက်မှာ သတိပေးထုတ်ပြန်ခဲ့ပါတယ်။

စစ်ရေးဖော်ဆောင်တဲ့နေရာမှာ အရပ်သားတွေ ထိခိုက်မှုတွေမဖြစ်အောင် ထားဝယ်ခရိုင်အတွင်းရှိ ရေး-ထားဝယ်လမ်းမကို မတ် ၂၂ ရက်နေ့ကစပြီး ည ၈ နာရီမှ မနက် ၆ နာရီအတွင်း အသုံးမပြုဖို့ ဗထူးတပ်မတော်တာဝန်ရှိသူတဦးက ပြောပါတယ်။

"စစ်ကောင်စီကနေ ရေး-ထားဝယ်လမ်း‌မပေါ်မှာ နည်းမျိုးစုံ ပုံစံမျိုးစုံနဲ့ သွားလာလှုပ်ရှားနေတာကို တွေ့ရတဲ့အတွက် ည ၈ နာရီကနေ မနက် ၆နာရီမှာ ဖြတ်သန်းမသွားလာဖို့ ကျနော်တို့က မေတ္တာရပ်ခံတာပါ။ ဘာဖြစ်လို့လဲဆိုတော့ စစ်ရေးဖော်ဆောင်တဲ့အခါမှာ တစုံတခု မှားယွင်းမှု‌တွေ ဖြစ်သွားမှာစိုးရိမ်တဲ့အတွက်  မေတ္တာရပ်ခံတဲ့သဘောပါပဲ။" 

ထားဝယ်ခရိုင်အတွင်းမှာ စစ်ကောင်စီ စစ်မှုထမ်းဥပဒေ အသက်သွင်းဖို့ကြိုးစားနေတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ စစ်ကောင်စီထောက်တိုင်တွေနဲ့ အဆိုပါဥပဒေကို ပါဝင်ဆောင်ရွက်နေသူတွေကို စစ်ရေးအရ ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ ဗထူးတပ်မတော်က မတ် ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီ အာဏာတည်မြဲဖို့အတွက် အရပ်သားပြည်သူကို အသုံးချပြီး စစ်မှုထမ်းခိုင်းတဲ့ဥပဒေကို အသက်သွင်းပေးတဲ့ ဘယ်သူမဆို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့  ဗထူးတပ်မတော်တာဝန်ရှိသူတဦးက ပြောပါတယ်။

"ဒီဥပဒေကို အ‌ကောင်အထည်ဖော်တဲ့နေရာမှာ ပါဝင်တဲ့သူ အကုန်လုံးကို စစ်ရေးအရအရေးယူသွားပါမယ်။ စစ်ကောင်စီက သူတို့အာဏာတည်မြဲဖို့လုပ်တဲ့ စစ်မှုထမ်းဥပဒေကိုလည်း ပြည်သူတွေက ဆန့်ကျင်နေကြတာပဲ။ လူငယ်တွေအနေနဲ့ ငါတို့နဲ့မဆိုင်ဘူးလို့မနေဘဲနဲ့ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားချဖို့လိုပါတယ်။" 

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် စစ်အာဏာရှင်ကိုတော်လှန်ဖို့  ဗထူးတပ်မတော်ကို ဆက်သွယ်ထားတဲ့ လူငယ်ရာဂဏန်းနဲ့ရှိပြီး သေချာစိစစ်လက်ခံသွားမယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013