Home
မြန်မာသတင်း
မိုးသက်လေပြင်းကြောင့် ရခိုင်စစ်ဘေးရှောင်များ အခက်ကြုံ
DVB
·
March 22, 2024
wind 2232024

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က မြို့တွေမှာ မတ် ၂၁ ရက်က မိုးသက်လေပြင်း ကျရောက်မှုအပြင် မိုးရွာသွန်းမှုတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေဟာ နေရာထိုင်ခင်း အဆင်မပြေမှုတွေအပြင် တခြားအခက်အခဲမျိုးစုံနဲ့ ကြုံတွေ့နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

စစ်ပွဲတွေကြောင့် နေရပ်ကနေ စွန့်ခွာလာရတဲ့ ပြည်သူတွေဟာ ဘေးကင်းလုံခြုံတဲ့ အမိုးအကာတွေ မရှိတဲ့အပြင် အိပ်စက်ဖို့အတွက် နေရာအခက်အခဲတွေပါ ရှိနေတဲ့အထဲ မိုးရွာလိုက်တဲ့အတွက် အခက်အခဲ ပိုဖြစ်သွားတယ်လို့ ပေါက်တောမြို့နယ်မှ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

“အိမ်ကနေ အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာရတော့ ဘာဆို ဘာမှ ယူမလာခဲ့ရဘူး။ အခုနေနေတဲ့ နေရာကလည်း အမိုးအကာလည်း မရှိဘူး။ ချက်ပြုတ်စားသောက်တဲ့နေရာရော အိပ်တဲ့နေရာကိုပါ မိုးရွာလိုက်တော့ တညလုံးမအိပ်ဘဲ ထိုင်နေရတယ်။ နေရေးထိုင်ရေးရော စားရေးသောက်ရေးပါ မိုးရွာလိုက်တာမှာ အတော်အခြေအနေဆိုးသွားတယ်။”

မိုးဇလရဲ့ မတ် ၂၁ ရက် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ရခိုင်ပြည်နယ် အပါအဝင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်တွေမှာ ၁ ရက်ကနေ ၂ ရက်အတွင်း မိုးထစ်ချုန်းရွာမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ စစ်တွေ၊ ရသေ့တောင်၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တောနဲ့ ရမ်းဗြဲမြို့တွေကနေ သိန်းနဲ့ချီ စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေဟာ အမိုးအကာလုံခြုံမှုအောက်မှာ မရှိသေးဘူးလို့ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတခုမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“မိုးက တရက်လုံးရွာတယ်။ ဒီဘက်မှာ စစ်ဘေးရှောင်တွေကလည်း သိန်းနဲ့ချီပြီးတော့ ရှိတယ်။ အများစုက ကြုံတဲ့နေရာမှာ ဝါးတဲလေးထိုးပြီးတော့ အမိုးအကာမပါဘဲ နေကြတာများတယ်။ အခု မိုးရွာလိုက်တော့ အခြေအနေက ပိုဆိုးသွားတယ်။ စားဖို့သောက်ဖို့ရော အိပ်မယ့်နေရာတွေပါ မရှိတော့ဘူး။ အမိုးအကာမရှိတော့ အကုန်လုံး မိုးရေထဲမှာပါ အိပ်ကြရတယ်။”

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ကြာမြင့်လာတာနဲ့အမျှ အရပ်သားပြည်သူ ၄၀၀,၀၀၀ နီးပါးဟာ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီက ရခိုင်ပြည်နယ်တဝန်းလုံးမှာ ခရီးသွားလာခွင့်၊ ကုန်စည်စီးဆင်းခွင့်၊ ဖုန်း အင်တာနက်လိုင်းတွေ အပါအဝင် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ အကူအညီတွေ အားလုံးကို ဖြတ်တောက်ထားပြီး ရခိုင်အရပ်ဘက်ပြည်သူတွေကို ပစ်မှတ်သဖွယ်ထားပြီး တိုက်ခိုက်နေပါတယ်။

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့ ပြည်သူတွေရဲ့ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်မှာ အဆိုးရွားဆုံး အခြေအနေမှာ ရှိနေပြီးတော့ ဆေးဝါး၊ စားနပ်ရိက္ခာ၊ ရေ အပါအဝင် နေရေးထိုင်ရေးတွေမှာ လိုအပ်ချက် မြင့်မားနေတယ်လို့ ကုလသမဂ္ဂရဲ့ လူသားချင်းစာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013