ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်မှာ မတ် ၂၂ ရက် ဒီမနက် ၁၀ နာရီကျော်က စစ်ကောင်စီတပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးသီးကြဲချလို့ လအိကျေးရွာရှိ တိုက်နယ်ဆေးရုံ ပျက်စီးသွားခဲ့သလို ပြည်သူ နှစ်ဦးသေဆုံးပြီး ကလေးငယ် အပါအဝင် သုံးဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ လူမှုအဖွဲ့တွေဆီက သိရပါတယ်။
လအိကျေးရွာအနီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေယာဉ်နဲ့ လေးကြိမ် ကြဲချခဲ့တာလို့ ကရင်နီပြည်လူငယ်များ သမဂ္ဂ (UKSY) က ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး (၂) ဗညားခွန်အောင်က “ကျနော်တို့သိရသလောက်က ၅၀၀ ပေါင်ဗုံးလည်းပါတာပေါ့နော်။ အဲဒီဆေးရုံက လုံခြုံရေးအရ ကုသမှုကို ခဏရပ်ထားတဲ့နေရာပေါ့။ ပထမတကြိမ်ဗုံး လာကြဲပြီးနောက်ပိုင်းမှာ လူငယ်တချို့တွေ ပြန်လာပြီး အဲဒီဆေးရုံမှာရှိတဲ့ဆေးပညစ္စည်းတွေကို ဝိုင်းသယ်ထုတ်ကြတာပေါ့နော်။ သယ်ထုတ်တဲ့အချိန်မှာ နောက်ထပ်တကြိမ် ဗုံးထပ်ကျတော့ သူတို့ကိုထိသွားတာပေါ့။ ထိတော့ နှစ်ဦးပွဲချင်းပြီးသေဆုံးသွားတယ်။ သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားတာပေါ့။ သုံးဦးထဲက နှစ်ဦးက ဒဏ်ရာ ပြင်းထန်တယ်။”
ဒီဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဆေးရုံအပြင် ဆေးရုံကားတွေနဲ့ အသုံးအဆောင်တွေပါ ပျက်စီးသွားခဲ့ပါတယ်။
ဖေဖော်ဝါရီ ၅ ရက်ကလည်း ဒီးမော့ဆိုအနောက်ခြမ်း ဒေါဆီအီးနဲ့ လွိုင်နန်းဖကျေးရွာ စာသင်ကျောင်းတွေကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးငယ် ၇ ဦးသေဆုံးသွားခဲ့သလို အယောက် ၄၀ လောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။