အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာမြို့မှာ IS အဖွဲ့က တာလီဘန်တွေကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲခဲ့တာကြောင့် လူ ၂၁ ဦးထက်မနည်း သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရတယ်လို့ ဆေးရုံတာဝန်ရှိသူတွေက ပြောပါတယ်။
မတ် ၂၂ ရက် ဒေသစံတော်ချိန် မနက် ၈ နာရီလောက် မြို့လယ်ကဘဏ်မှာ ဗုံးခွဲခံရတာဖြစ်ပြီး သုံးဦးသေဆုံးကာ အများအပြား ဒဏ်ရာရတယ်လို့ တာလီဘန်အစိုးရက ကနဦး ထုတ်ပြန်ပါတယ်။
ဆေးရုံဘက်က နောက်ဆုံးထုတ်ပြန်ချက်မှာတော့ သေဆုံးသူ ၂၀ ကျော်လာတာ ဖြစ်ပါတယ်။
IS အဖွဲ့က သူတို့လက်ချက်လို့ အတည်ပြုပြီး တာလီဘန်အဖွဲ့ဝင် ၁၅၀ လောက်ရှိတဲ့ အထဲမှာ အသေခံဗုံးခွဲခါးပတ်ကို ဖောက်ခွဲပစ်လိုက်တာလို့ IS ရဲ့ သတင်းဌာန အာမက်က ထုတ်ပြန်ပါတယ်။
ဒီနှစ်ထဲ အာဖဂန်မှာ အပြင်းထန်ဆုံး ပေါက်ကွဲမှုဟာ လစာထုတ်ဖို့ တန်းစီနေတဲ့ တာလီဘန်အစိုးရ ဝန်ထမ်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
ကန်ဒါဟာမြို့ဟာ တာလီဘန်အဖွဲ့ရဲ့ အဓိက ခေါင်းဆောင်ကြီး အခြေစိုက်ရာမြို့လည်း ဖြစ်ပါတယ်။
၂၀၂၁ မှာ အမေရိကန် ပြန်ဆုတ်သွားပြီးနောက်ပိုင်း တာလီဘန်တွေဟာ တိုင်းပြည်ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ IS ရဲ့ အာဖဂန်အဖွဲ့ခွဲလို့ဆိုနိုင်တဲ့ ISKP အဖွဲ့ဟာ တာလီဘန်တွေကို တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
Source/Photo-Reuters