
နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းနိုင်ဖို့ ငြိမ်းချမ်းရေးတံခါးကို အစဉ်ဖွင့်လှစ် ကြိုဆိုနေတဲ့ အကြောင်းနဲ့ တိုင်းရင်းသားတွေအနေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကို နိုင်ငံရေးနည်းလမ်း စေ့စပ်ညှိနှိုင်းဖို့ အားပေးတိုက်တွန်းကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က တိုက်တွန်းလိုက်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သဝဏ်လွှာမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်က တိုက်တွန်း ပြောဆိုလိုက်တာပါ။
စစ်ကောင်စီအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ထာဝရ ငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးနေပြီး ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာမှာ သဘောထားကွဲလွဲမှုတွေ ရှိနိုင်ပေမဲ့ ကိုယ်စီ လိုလားချက်တွေကို လက်နက်ကိုင်အကြမ်းဖက်တဲ့ နည်းလမ်းနဲ့ တောင်းဆိုတာဟာ မှားယွင်းတဲ့ လမ်းစဉ်ဖြစ်တယ်၊ မှန်ကန်တဲ့ ကောင်းကျိုးရလဒ်တွေ ရရှိနိုင်မှာမဟုတ်လို့ မိမိတို့ တိုင်းရင်းသားတွေအကြား နားလည်မှုလွဲမှားခြင်းတာ ပဋိပက္ခတွေရှိပါက တွေ့ဆုံဆွေးနွေးခြင်းနဲ့ သာ ဖြေရှင်းနိုင်မယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ဖို့ တိုင်းရင်းသားတွေ လက်တွဲပူးပေါင်းဆောင်ရွက်ရေးကို အလေးထားဆောင်ရွက်ကြဖို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ငြိမ်းချမ်းရေးတံခါးဖွင့်ထားတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုနေပေမဲ့ လက်တွေ့ မြေပြင်မှာတော့ စစ်ကောင်စီတပ်တွေက တိုင်းရင်းသားနယ်မြေတွေအပါအဝင် နယ်မြေ အသီးသီးကို လေကြောင်းကနေ အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်မှုတွေ အရှိန်မြှင့် ပြုလုပ်နေလို့ တိုင်းရင်းသားပြည်သူတွေ နေ့စဉ်လိုလို ထိခိုက်သေဆုံးနေရတာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်ကတော့ မြန်မာ့ပြည်တွင်းရေးပြဿနာတွေနဲ့ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ပြည်ပနိုင်ငံတချို့က ပြည်တွင်းပဋိပက္ခကို ဒေသတွင်းပဋိပက္ခအခြေအနေထိဖြစ်ပေါ်အောင် ဖန်တီးနေကြပြီး တိုင်းပြည်စည်းလုံးမှုပြိုကွဲပါက အင်အားချည့်နဲ့ကာ ခေတ်သစ်ကိုလိုနီနယ်ချဲ့တွေ ပါဝင်ပတ်သက် ဝင်ရောက်စွက်ဖက်လာနိုင်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။
အာဏာသိမ်းစစ်ကောင်စီအနေနဲ့ လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြီး ထွက်ပေါ်လာမယ့် အစိုးရကိုအာဏာလွှဲပေးမယ်, ရွေးကောက်ပွဲမှာ မဲမသမာမှုမရှိရေးနဲ့ တိကျမှန်ကန်ရေး Myanmar Electronic Voting Machine နဲ့ မဲပေးသည့်စနစ်ကို အသုံးပြုဆောင်ရွက်သွားမယ်။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ အခွင့်အရေး ဆုံးရှုံးမှုမရှိစေရေးအောင် ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။
ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်ခေါင်းဆောင်က အကြိမ်ကြိမ် ပြောနေပေမဲ့ ဘယ်နေ့ ဘယ်ရက်မှာ ကျင်းပမယ်ဆိုတာ တိတိကျကျမပြောနိုင်သေးသလို ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ နည်းဥဒေတွေလည်း ဒီကနေ့ အထိ ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။
ဒါ့အပြင် နိုင်ငံတဝန်း နယ်မြေ ထက်ဝက်လောက်ကိုတောင် စစ်ကောင်စီက ထိန်းချုပ်နိုင်ခြင်းမရှိတော့တဲ့အတွက် ပြည်လုံးကျွတ် ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်တော့တာ၊ နိုင်ငံတဝန်း မဲစာရင်း မှန်မှန်ကန်ကန် မကောက်ယူနိုင်တာနဲ့ ရန်ကုန်လို မြို့ကြီးတွေမှာတောင် လျှပ်စစ်မီးမှန်မှန်မရတဲ့အတွက် အီလက်ထရောနစ် မဲပေးစနစ်ဟာလည်း အလုပ်ဖြစ်ဖို့ မသေချာ မရေရာတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။