
ပြည်ပနိုင်ငံတွေကနေ ဒုစရိုက်မှုတွေနဲ့ တိမ်းရှောင်လာသူတွေအနေနဲ့ နယ်စပ်ဒေသက တိုင်းရင်းသူတွေနဲ့ လက်ထပ်ထိမ်းမြားပြီး နိုင်ငံသားဖြစ်အောင် ကြိုးစားနေတာကြောင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေအနေနဲ့ နိုင်ငံခြားသားတွေနဲ့ တရားမဝင် လက်ထပ်တာတွေကို ဖော်ထုတ်ဖို့ စစ်ခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်က ကျင်းပတဲ့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနဲ့ ပြိုင်ပွဲဖွင့်ပွဲကို တက်ရောက်လာတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နေပြည်တော်၊ ဘုရင့်နောင်ရိပ်သာခန်းမဆောင်မှာ တွေ့ဆုံပြောကြားခဲ့တယ်လို့ ဒီနေ့ထုတ် စစ်ကောင်စီဝါဒဖြန့် သတင်းစာမှာ ဖော်ပြပါတယ်။
အွန်လိုင်းလိမ်လည်မှုတွေ၊ အွန်လိုင်းလောင်းကစားမှုတွေနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားရမှာဖြစ်သလို မူးယစ်ဆေးဝါး သယ်ယူပို့ဆောင်ရာမှာ မြို့ကြီးတွေကို ဖြတ်ကျော်သယ်ဆောင်နေတာကို စနစ်တကျ ဖိဖိစီးစီးနဲ့ ဖော်ထုတ် အရေးယူသွားရမယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒါ့အပြင် ပြည်ပနိုင်ငံတွေမှာ ဒုစရိုက်မှုတွေ ကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူတွေဟာ နယ်စပ်ဒေသရှိ ဒေသခံ တိုင်းရင်းသူတွေနဲ့ လက်ထပ်ထိမ်းမြားပြီး နိုင်ငံသားအဖြစ်ရရှိဖို့ ဆောင်ရွက်နေကြတာကြောင့် သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူတွေအနေနဲ့ နိုင်ငံခြားသားနဲ့ မိမိတို့နိုင်ငံသားတွေ တရားမဝင် လက်ထပ်ပေါင်းသင်းနေထိုင်တာကို စနစ်တကျ ဖော်ထုတ်သွားကြရမယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
မြန်မာ့အိမ်နီးချင်း တရုတ်နဲ့ ထိုင်းနိုင်ငံ အပါအဝင် နိုင်ငံတကာက မြန်မာနယ်စပ်ရှိ အွန်လိုင်း ငွေလိမ် ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ အပြင်းအထန် ဖိအားပေးလာချိန်မှာ စစ်ခေါင်းဆောင်က အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အခုလို ထုတ်ဖော်ပြေဆိုလာတာ ဖြစ်ပါတယ်။