Home
မြန်မာသတင်း
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဝင်ငွေ ကျပ်သိန်းပေါင်း ၅၅၀၀၀ ကျော်ရ
DVB
·
February 12, 2025

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ဝင်ငွေကျပ်သိန်းပေါင်း ၅၅၀၀၀ ကျော်ရခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။

IEC ဌာနတွေရဲ့ ​၂၀၂၄ ခုနှစ် တနှစ်တာ လုပ်ငန်းဆောင်ရွက်ချက်တွေကိုထုတ်ပြန်တာဖြစ်ပြီး စုစုပေါင်းဝင်ငွေမှာ အခွန်ငွေက ၃၁ ရာခိုင်နှုန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ထည့်ဝင်ငွေက ၂၉ ရာခိုင်နှုန်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေထည့်ဝင်ငွေက ၂၈ ရာခိုင်နှုန်းနဲ့ တခြားဝင်ငွေ ၁၂ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။

IEC ရဲ့ အထွေထွေ အတွင်းရေးမှူး ခူးပလုရယ်က “အမျိုးသားညီညွတ်ရေးအစိုးရဆီကတော့ အဓိကအားဖြင့် ပညာရေး၊ ကျန်းမာရေးနဲ့ လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီမျိုးကိုတော့ပိုပြီးတော့ ရရှိပါတယ်။ အဓိက ကလည်း ဒီကဏ္ဍ ၃ ခုကလည်းပိုပြီးတော့မှ လိုအပ်ချက်ကြီးတာပေါ့လေ” လို့ ပြောပါတယ်။

ဒီဝင်ငွေတွေကို ခွဲဝေသုံးစွဲရာမှာ ပြည်ထဲရေးဌာနက ၂၇ ရာခိုင်နှုန်းကျော်နဲ့ အများဆုံးသုံးစွဲထားပြီး လူသားချင်းစာနာမှုနဲ့ ပြန်လည်ထူထောင်ရေးဌာနက ၂၅ ရာခိုင်နှုန်းနီးပါး၊ ကျန်းမာရေးနဲ့ ပညာရေးမှာ ၁၄ ရာခိုင်နှုန်းနီးပါး ပြန်ပြီးသုံးစွဲခဲ့တာကို တွေ့ရပါတယ်။

IEC အနေနဲ့ပြီးခဲ့တဲ့နှစ်အတွင်း မြို့နယ် ၁၆ ခုမှာ မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းနိုင်ခဲ့ပြီး အုပ်ချုပ်ရေးနယ်မြေတွေ သတ်မှတ်ဖွဲ့စည်းရာမှာ‌တော့ အရင်ကရှိခဲ့တဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့တွေနဲ့ ညှိနှိုင်းခဲ့တယ်လို့ ခူးပလုရယ်က ပြောပါတယ်။

ရဲဌာနအနေနဲ့လည်း ရဲစခန်း ၁၆ ခု၊ လုံခြုံရေးရဲကင်း ၁၆ ခုနဲ့ မြို့နယ် ရဲဌာန ၅ ခုဖွင့်လှစ်နိုင်ခဲ့သလို အမှုပေါင်း ၁၅၀ လောက်ကို အရေးယူခဲ့တာ တွေ့ရပါတယ်။

မီးဘေးလုံခြုံရေးဌာနက စစ်ရှောင်စခန်းပေါင်း ၆၀ ကို ရေပေးဝေနိုင်ခဲ့ပြီး ပြည်ထဲရေးရဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာနကလည်း အရပ်သား အယောက် ၅၀ နဲ့ ရဲဘော် ၅၂၀ ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြို့နယ် ၁၀ ခုမှာ တင်မြှောက်ခံရတဲ့ မြို့နယ်ပညာရေးမှူးတွေရှိနေပြီး ဒီဂရီကောလိပ်၊ ဆေးကောလိပ်နဲ့ တကက္ကသိုလ် ၃ ခုတို့မှာ ကျောင်းသား ၃၀၀ ကျော် သင်ကြားနေသလို ဒီပညာသင်နှစ်မှာ အခြေခံကျောင်း ၅၀၀ လောက်က ကျောင်းသား ကျောင်းသူ ၆၀၀၀၀ ကျော်ကို ပံ့ပိုးသွားဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

ကရင်နီပြည်ထဲမှာ ဆေးရုံ ၂ ရုံနဲ့ ဆေးခန်း ၁၁၀ ကျော်ရှိပြီး ဆေးရုံ ၂ ရုံကနေ ပြီးခဲ့တဲ့နှစ်က လူနာ ၈၂,၀၀၀ ကျော်ကို ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

ခူးပလုရယ်က “ကျနော်တို့ ကရင်နီမှာရှိတဲ့ စစ်ရှောင်အပါအဝင် Community (လူ့အသိုက်အဝန်း) တွေကနေ တနိုင်တပိုင်ဝင်ငွေတိုးတဲ့ ဥပမာ စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာလုပ်ငန်းတွေကိုတော့ ပိုပြီးတော့မှ အားထည့်လုပ်ဆောင်သွားဖို့ရှိပါတယ်။ ဒီဟာကလည်း အချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေးအခက်အခဲတွေကို ဖြေရှင်းတဲ့အခါ အပြင်ကအကူအညီတွေကို အားထားရတာ တခုတည်းနဲ့ မဖြစ်ဘူးပေါ့လေ” လို့ ပြောပါတယ်။

ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်တွေကို ပြဋ္ဌာန်းဖို့ကြိုးစားနေတယ်လို့လည်းသူက ဆက်ပြောပြီးကရင်နီပြည်အတွင်းမှာတော့ IEC ရဲ့ ဌာနအသီးသီးဟာ သက်ဆိုင်ရာလုပ်ငန်းတွေကို ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013