Home
မြန်မာသတင်း
ကရင်နီပြည် လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက် ဖွဲ့စည်း
DVB
·
December 9, 2024
Photo: KSCSN

ကရင်နီတပြည်နယ်လုံးအတိုင်းအတာနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ကိုယ်စားပြုနိုင်ဖို့ ကရင်နီပြည် လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (KSCSN)ကို ဖွဲ့စည်းခဲ့တယ်လို့ ဒီဇင်ဘာ ၇ ရက်မှာ ကြေညာပါတယ်။

ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့ ၃၆ ဖွဲ့ပါဝင်တဲ့ ကရင်နီပြည်အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်ကို ဒီဇင်ဘာ ၂ ရက်မှ  ၄ ရက်အထိ ကရင်နီပြည် တနေရာမှာ ကျင်းပခဲ့ပြီးနောက် အခုလို ဖွဲ့စည်းလိုက်တာပါ။

အဲဒီမှာ ပြည်နယ်တွင်း ဖြစ်ပေါ်ပြောင်းလဲနေတဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေ၊ တပြည်နယ်လုံး အတိုင်းအတာ အရပ်ဘက်အဖွဲ့အစည်းတွေ ကိုယ်စားပြုတဲ့ ကွန်ရက်စုစည်းရေး၊ အရပ်ဘက် အဖွဲ့အစည်းတွေ ကိုင်စွဲသင့်တဲ့ ဘဏ္ဍာရေးဆိုင်ရာမူ ရပ်တည်ချက်တွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကရင်နီပြည်လူထုအခြေပြု အရပ်ဘက်အဖွဲ့အစည်းများကွန်ရက် (Karenni State Civil Society Network KSCSN) အမည်နဲ့ တပြည်နယ်လုံး အတိုင်းအတာကိုယ်စားပြုတဲ့ ကွန်ရက်တခုကို အတည်ပြုနိုင်ခဲ့ပြီး ကွန်ရက်ကို ဦးဆောင်ဖို့ ကွန်ရက်အဖွဲ့ဝင်အဖွဲ့အစည်း ၂၂ ဖွဲ့က ကိုယ်စားလှယ် ၂ ယောက်စီနဲ့ ၄၄ ယောက်ပါတဲ့ KSCSN ကိုယ်စားပြုဦးဆောင်ကော်မတီကို ပဏာမ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

KSCSN ရဲ့ ပြောရေးဆိုခွင့်ရှိသူ တယောက်က “ကျမတို့ ဖိတ်ကြားထားတာ အဲဒီထက်တော့ ပိုတယ်။ ဒါပေမဲ့ တက်ရောက်နိုင်ခဲ့တာ ၃၆ ဖွဲ့ပဲ ဖြစ်တယ်။ KSCSN မှာ ကျန်တဲ့ CSO တွေလည်း အဖွဲ့ဝင်အနေနဲ့ပါဝင်ဖို့ ကျမတို့ ဖိတ်ခေါ်ထားတာရှိတယ်” လို့ ပြောပါတယ်။

ကျင်းပခဲ့တဲ့ဖိုရမ်ကနေ သတ်မှတ်စံနှုန်းနဲ့ကိုက်ညီတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ KSCSN အဖွဲ့ဝင်အဖြစ်ပါဝင်ရေးကို အားစိုက်လုပ်ဆောင်သွားဖို့ ဆုံးဖြတ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြီးတော့ အကျပ်အတည်းကာလမှာ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေကို ပံ့ပိုးကူညီနိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားမှာ ဖြစ်ပြီး လူထုအသံကို သက်ဆိုင်ရာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တော်လှန်ရေးအင်အားစုတွေ၊ လူမှုစီးပွားရေးဆိုင်ရာအင်အားစုတွေဆီ အရေးဆို တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလ၊ ကြားကာလမှာ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ အာဏာရှင်စနစ် ဆန့်ကျင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး အခန်းကဏ္ဍတွေမှာ သက်ဆိုင်ရာ အင်အားစုတွေနဲ့အတူ အပြုသဘောဆောင်တဲ့ ထိန်းညှိရေးပုံစံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်း အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စုဖွဲ့တည်ရှိမှုနဲ့ ရပ်တည်ချက်တွေကို လေးစားအသိအမှတ်ပြုဖို့၊ အရပ်ဘက်အဖွဲ့တွေရဲ့ ဒေသပြုမှု (Localization) ကြိုးပမ်းတည်ဆောက်တာကို အလေးထားမြှင့်တင်သွားဖို့၊ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ဆက်လက်ပံ့ပိုး ကူညီသွားဖို့၊ ရန်ပုံငွေ စီးဆင်းမှုလမ်းကြောင်းကို လူထုဆီတိုက်ရိုက်ရောက်နိုင်မဲ့ နည်းလမ်းတွေနဲ့ ချဉ်းကပ်လုပ်ဆောင်သွားဖို့  တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013