
နှင်းတောင်ပေါ်က၊ ထုတ်လွှင့်အသံ
ရန်ကုန်ပြန်သော်၊ လွှင့်ရန်မသာ
စစ်အာဏာသိမ်း၊ ဝေးရာတိမ်းရ
သူစိမ်းတိုင်းပြည်၊ “နွေဦး DVB”
ဆက်လက်တည်နေပြန်တော့သည်တကား။ ။
(DVB) Democratic Voice of Burma ဒီမိုကရက်တစ်မြန်မာ့အသံကို စတင်တည်ထောင်ခဲ့တာ ၁၉၉၂ ခုနှစ်ကပါ။ အခု DVB TV သတင်းဌာနကြီးဟာ လွန်ခဲ့သော ၃၃ နှစ်အကြာ ၁၉၉၂ ဇူလိုင် ၁၉ ကစပြီး တနေ့ကို ၂၅ မိနစ်ပဲ လွှင့်ခဲ့တဲ့ ရေဒီယို အစီအစဥ်နဲ့ စခဲ့ကြတာပါ။ အခု ၃၃ နှစ် ရှိပါပြီ။ DVB TV ရုပ်မြင်သံကြားကိုတော့ ၂၀၀၅ ခုနှစ် မေလ ၂၈ ရက်မှာ စတင်ထုတ်လွှင့်ပါတယ်။ ဒါပေမဲ့ ၂၀၀၅ ခုနှစ်ကတော့ ဂြိုဟ်တု ရုပ်သံလှိုင်းနဲ့ စနေ တနင်္ဂနွေ ၁ နာရီစာသာ အပတ်စဉ် ထုတ်လွှင့်နိုင်ခဲ့တာပါ။ အခုတော့ ၂၄ နာရီ ထုတ်လွှင့်နေနိုင်ပါပြီ။ DVB TV စလွှင့်ပြီး ၂ နှစ်အကြာမှာ ဖြစ်ပွားတဲ့ ၂၀၀၇ ခု စက်တင်ဘာ သံဃ ရွှေဝါရောင်တော်လှန်ရေး သတင်းမှတ်တမ်းတွေကို DVB က (ရေဒီယိုရော TV ရော) ဝေဝေဆာဆာ ထုတ်လွှင့်နိုင်ခဲ့တယ်။ သံဃတော်လှန်ရေးနဲ့ DVB သမိုင်းဟာလည်း မှတ်တမ်းတခုပေါ့။ အချိန်တခုတုန်းကတော့ နော်ဝေ၊ မာနယ်ပလော၊ ဒေါင်းဂွင် (ဖာပွန်)၊ မဲဆောက်၊ ဘန်ကောက်၊ နယူးဒေလီ၊ မဲ့ဟောင်ဆောင်၊ ချင်းမိုင်တို့မှာ အသီးသီးရှိခဲ့ကြတဲ့ DVB ရုံးတွေဟာ ရန်ကုန်မှာ သွားစုခဲ့ကြတယ်။ နှစ် အချိန်ကာလတခုလောက်တော့ တရားဝင် ထုတ်လွှင့်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့. . .
ဆိုင်ကယ်စီးပြေး DVB သတင်းသမားများ
ဆိုင်ကယ်စီးပြေး၊ ရုပ်ဖျက်သေး၏
လွတ်ရေးမမြင်၊ နယ်စပ်တွင်နား
သတင်းများလွှင့်၊ ဆင်မသင့်သော်
တဆင့်ကျော်ပြန်၊ ထိုင်းနိုင်ငံရောက်
သတင်းထောက် ဆက်လုပ်ကြပြန်တကား။ ။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းအပြီးမှာ DVB သတင်းထောက်၊ DVB အယ်ဒီတာ၊ DVB ကင်မရာသမားတွေ စသဖြင့် DVB ဝိုင်းတော်သားအားလုံးတို့ဟာ တဖြည်းဖြည်း မြို့ကြီးတွေကနေ ပျောက်ကုန်ကြပြီ။ ရန်ကုန်ရွှေမြို့တော်ကနေ ဆိုင်ကယ်နဲ့တမျိုး ကားနဲ့တဖုံ တရွာဝင်တရွာထွက် တမြို့ဝင်တမြို့ထွက် မဲဆောက်မြို့ကို ခရီးနှင်ကြသူတွေရှိသလို မဲဆောက်မရောက်ဘဲ တခြားနယ်စပ်ဘက် ရောက်သွားသူတွေလည်းရှိရဲ့။ အဲ့သည်ကမှ တောတွင်း အဆောက်အဦတွေမှာ ဖြစ်သလို DVB အသံလွှင့်ခန်းတွေ လုပ်ရတယ်။ လျှပ်စစ်မီး ပြဿနာ၊ အင်တာနက် အခက်တွေကြောင့် နေရာပြောင်းပြီး DVB TV ကို လွှင့်ကြရတာပေါ့။ ဒီနောက် သူစိမ်းတိုင်းပြည်၊ သူများတိုင်းပြည်တွေ ရောက်သွားကြတော့လည်း သတင်းတွေ ဆက်လုပ်နေခဲ့တယ်။ အခုလည်း အခက်အခဲ အကျပ်အတည်း ဖိအားမျိုးစုံ စိန်ခေါ်မှုမျိုးစုံကို စိတ်မနာနိုင်ကြသေးဘူး။ သတင်းထောက်အလုပ် သတင်းထုတ်လွှင့်တာတွေ ဆက်လုပ်နေကြဆဲ။ အာဂ #နွေဦးDVB သတင်းသမားတွေပေါ့ဗျာ။
ပြည့်မျက်လုံးကို ဖောက်ထုတ်ဖို့ကြံ
သတင်းထောက်လေး၊ ဝါးရမ်းပြေးဟု
စစ်ခွေးတွေအော်၊ အိမ်ခြံကျော်ဝင်
ဖမ်းဖို့ပြင်သော်၊ ကိုအောင်ကျော်သည်
ကျနော်လာပေါ့၊ ဖမ်းပါတော့ဗျာ
အော်ကာ အော်ကာ ပြောသတည်း။ ။
စစ်အာဏာသိမ်းအပြီး ပြည်မြို့သတင်းထောက် ကိုမင်းညို၊ ဝက်လက်မြို့က DVB CJ သတင်းထောက် ကိုအောင်စံလင်း၊ မင်းလှမြို့အခြေစိုက် DVB CJ သတင်းထောက် ကိုသက်နိုင်ဝင်း၊ မုံရွာ DVB သတင်းထောက် ကိုရန်နိုင်စိုးနဲ့ မြိတ်မြို့ DVB သတင်းထောက် ကိုအောင်ကျော်တို့ကို စစ်တပ်က ဖမ်းဆီးပြီး ရိုက်နှက် နှိပ်စက်ခဲ့တယ်။ ထောင်တွေ ချလိုက်ကြတယ်။ မြိတ် သတင်းထောက် ကိုအောင်ကျော်ကို ဖမ်းတဲ့အချိန် စစ်တပ်က အိမ်ကို သေနတ်တွေနဲ့ပစ်တယ်။ ခြံစည်းရိုးကိုဖျက်၊ အိမ်တံခါးတွေကို ဖျက်ပြီး ၃ ထပ်မှာနေတဲ့ ကိုအောင်ကျော်ကို စစ်သားအင်အား ၂၀ လောက်နဲ့ တက်ဖမ်းခဲ့တယ်။ ဒီလို ဖမ်းနေတာကို ကိုအောင်ကျော်က Live လွှင့်ပြခဲ့သေး။ အာဂ “နွေဦး DVB” သတင်းထောက်ပါ။
ကိုအောင်ကျော်က မြိတ်မြို့က လုပ်ငန်းရှင်တဦးဖြစ်သလို သူ့ဇနီးကလည်း ကုန်ဆိုင်တဆိုင် ဖွင့်ထားတယ်။ သူဌေးတွေလို့လည်း ပြောနိုင်ပါတယ်။ ဒါပေမဲ့ သူက DVB သတင်းထောက် အလုပ်ကိုပဲ လုပ်ချင်သူပါတဲ့။ ဒါကြောင့်လည်း အရင်ကတည်းက စစ်တပ်နဲ့ သတင်းကိစ္စမှာ ပြဿနာ ဖြစ်ခဲ့ဖူးတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းအပြီးမှာတော့ သူက စစ်တပ်တွေရဲ့ မတရားမှုသတင်းတွေ ဆက်လုပ်နေခဲ့တာကြောင့် သူ့ကို ဖမ်းခဲ့တယ်တဲ့။ မြိတ်က ကိုယ်ဝန်ဆောင်သည်တဦးရဲ့ အိမ်ကို အာဏာသိမ်းစစ်တပ်က ဝင်စီးပြီး အိမ်ရှိပစ္စည်းတွေကို လုယူတဲ့သတင်းကို Live လွှင့်ပြီး DVB TV မှာ ပြခဲ့တာပါ။ ဒါကြောင့် အဲသည်ညမှာ သူ့အိမ်ကို သေနတ်တွေနဲ့ပစ်ပြီး ဝင်ဖမ်းခဲ့တာ။ ဖမ်းစဉ်လည်း ဝိုင်းရိုက်ကြတယ်။ စစ်ကြောရေးမှာလည်း မျက်လုံးတဖက် ဒဏ်ရာရခဲ့တဲ့အထိ ရိုက်သတဲ့။ အခုထိ သူ့မျက်လုံးက မကောင်းဘူး။ သူကတော့ သူ့ကိုယ်သူ ဒီညတော့ သေပြီလို့ တွက်ထားတာတဲ့။ “တပ်မတော်ကို သိက္ခာကျအောင် သတင်းတွေလွှင့်တဲ့ DVB သတင်းထောက်တွေကို အကုန်သတ်ပစ်မယ်။ မင်းကိုလည်း ဒီည သတ်မယ်။ ဒေါ်လာစားတွေ” ဆိုပြီး မြိတ်က လေ့ကျင့်ရေးတပ်မှူးကိုယ်တိုင် သူ့ကို ရိုက်တာတဲ့။ ထောင် ၂ နှစ်ချတယ်။ ၈ လမှာ လွှတ်တယ်။ လွှတ်တဲ့ည နောက်နေ့မနက်မှာပဲ သူက ထွက်ပြေးလာခဲ့တာ။ သူ့ကိုလွှတ်တော့ စစ်ကြောရေး ဗိုလ်မှူးကြီးက သူ့ကို သတင်းတွေ ဆက်လုပ်ဦးမလားလို့ မေးသတဲ့။ သူက #နွေဦးDVB သတင်းထောက် ဆက်လုပ်မှာလို့ ပြောခဲ့သတဲ့။ အခုထိလည်း ဆက်လုပ်နေဆဲ။
အသတ်ခံခဲ့ရတဲ့ #နွေဦးDVB သတင်းထောက်များ
၂၀၂၄ ခု ဩဂုတ်လ ၂၁ ရက်က မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ DVB သတင်းထောက် ကိုဝင်းထွဋ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပါတယ်။ ကိုဝင်းထွဋ်ဦးဟာ ၂၀၂၃ ခုနှစ်က စပြီး နယ်မြေခံသတင်းထောက်အနေနဲ့ DVB သတင်းဌာနကို သတင်းတွေ ပုံမှန်ရေးသား ပေးပို့နေသူပါ။ နွေဦးတော်လှန်ရေးကာလ သတင်းထောက်တွေကို ဖမ်းနှိပ်စက် သတ်ဖြတ်နေတဲ့ ကာလမှာမှ #နွေဦးDVB သတင်းထောက်အဖြစ် ဝင်ရောက်ခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ် မြောက်ဦးမြို့က DVB သတင်းထောက် ဖိုးသီဟ (ခ) ကိုမြတ်သူထွန်းဟာလည်း အာဏာသိမ်း စစ်ကောင်စီတပ်က သတ်ဖြတ်တာ ခံခဲ့ရပါတယ်။
ကျနော် မောင်တူး ရုပ်ဖျက်ဦးမှ
သတင်းနဲ့ပျော်၊ ကျနော် မောင်တူး
ရုပ်ဖျက်ဖူး၏၊ ပဲခူးမှသည်
မြဝတီကို၊ အဘိုးအိုအလား
တောင်ဝှေးအားဖြင့်၊ စကားမပြော
လေဖြတ်သောသူ၊ အသွင်ယူကာ
လာခဲ့ပါသေး၊ သောင်ရင်းဘေးမှ
လှေထဲကျခဲ့၊ ဒူးနဲ့ခါးနာ
မြစ်ကူးရာတွင်၊ ကြံပင်ခင်းကြား
ပြုတ်ကျသွားသေး၊ ခွေးတွေဟောင်သံ
သောသောညံဆဲ၊ ထိုင်းရဲကြောက်လျက်
မဲဆောက်ဘက်ရောက်သတည်း ။ ။
စစ်အာဏာသိမ်းတော့ ကျနော် DVB သတင်းထောက် မောင်တူးက ဗိုလ်တထောင်မြို့ ၄၄ လမ်းမှာ နေတယ်။ ဟိုး ရက်တော်တော်ကြာကြာကတည်းက လမ်းထိပ်မှာ အမြဲရှိနေတဲ့ ပုပုဖြူဖြူ စစ်ထောက်လှမ်းရေးတယောက် ကျနော့်ကို စောင့်ကြည့်နေတယ်။ လမ်းထဲမှာလည်း ကြံ့ဖွတ်တွေက များတယ်။ အိမ်ထဲက အိမ်ပြင် မထွက်ရဲဘူး။ ဒီကြားထဲ နေ့လယ်ပိုင်းမှာ ဖုန်းတလုံးက ဝင်လာတယ်။ ညကျရင် မင့်အိမ်ကို ဝင်တော့မယ်တဲ့။ ဘာလုပ်ရမှန်း မသိတော့။ ကံကောင်းချင်တော့ မိတ်ဆွေ တရုတ်လူမျိုးတယောက်က ကျနော့်အိမ်ရှေ့ကို ကားတစင်းနဲ့ ရောက်လာခဲ့တယ်။ ဘာမှ ပစ္စည်းမယူနဲ့ ကျနော့်ကိုယုံရင် ကျနော့်ကားပေါ်တက်တဲ့။ လွတ်မြောက်ရာ ပို့ပေးမယ်တဲ့။ ကျနော်လည်း ဖြစ်ချင်ရာဖြစ်ဆိုပြီး လိုက်လာခဲ့တာ။ အခုလို မဲဆောက်ကို ရောက်လာတဲ့အထိပေါ့။
ကြားမှာလည်း လမ်းတွေမှာ အစစ်အဆေးများတော့ ပဲခူးအထိ ကားနဲ့တတန်၊ ဆိုင်ကယ်နဲ့တမျိုး ပုန်းလျှိုးကွယ်ရှိုး လာခဲ့ရပေါ့။ ဘုန်းကြီးကျောင်းတကျောင်းမှာ ပုန်းနေရာမှာလည်း သတင်းလုပ်ဖော်ကိုင်ဖက် စစ်တပ်နဲ့နီးစပ်တဲ့ ဦးလေးတော်တဦးက ပြန်လာဖို့ ခဏခဏ ဖုန်းဆက်လာသေးတယ်။ ပြဿနာ မတက်စေရဘူး။ သူတာဝန်ယူတယ်။ ပြန်လာပြီး အိမ်မှာနေပါ။ သူအာမခံတယ်တဲ့။ အာဏာသိမ်း စစ်ကောင်စီကို မဆန့်ကျင်တဲ့ သတင်းတွေတော့ လုပ်ခွင့်ရမယ်တဲ့။ ကျနော်ကတော့ ဖုန်းပိတ်ထားလိုက်တယ်။
အဲသည်ကမှ ပဲခူးကနေ မြဝတီအထိ လိုင်းကားနဲ့ပေါ့။ ကျနော်က မုတ်ဆိတ်မွှေးဖြူ နှုတ်ခမ်းမွှေးဖြူ ကိုယ်တခြမ်းမသန် ထော့နဲ့ထော့နဲ့ အဘိုးကြီးပုံဆိုတော့ စစ်သားတွေ ဂိတ်တွေမှာ မစစ်တော့ဘူး။ “အဘ လာ ဒီနားမှာ ထိုင်နေ” ဆိုမျိုးပဲ ပြောကြတယ်။ အသံမှတ်မိမှာစိုးလို့ စကားကတော့ မပြောရဲဘူး။ ဒီလိုနဲ့ မြဝတီကို ရောက်တယ်။ မြဝတီကားဂိတ်ကျတော့ လူတယောက် “ရင်းရင်းနှီးနှီးတွေ့ဖူးတယ်။ ဘယ်မှာတွေ့ဖူးမှန်း မသိဘူး” လို့ လာပြောတာခံရတော့ ခေါင်းကြီးသွားခဲ့သေးတယ်။ ညဘက် မြဝတီက မဲဆောက်အကူး သောင်ရင်းမြစ်အဖြတ် ကယ်ရီသမားက အတင်းမြန်မြန်တက်ခိုင်းတော့ လှေဝမ်းထဲ ပြုတ်ကျပါတော့တယ်။ ဒူးနဲ့ ခါးထိသွားတာ တော်တော်နာပေါ့။ ဒါတောင် လှေကူးခက ဘတ် ၁,၀၀၀ ပေးရတယ်။ ထိုင်းဘက်ရောက်တော့လည်း လာခေါ်တဲ့ ကားဆီအရောက် ၁၀ မိနစ်လောက် ကြံခင်းတခုထဲ ဖြတ်အပြေး ကန်သင်းပေါ်က ပြုတ်ကျလို့ ခါးထပ်ထိပြန်တယ်။
ခွေးတွေကဟောင် ထိုင်းရဲကိုကြောက် ကျနော်တို့ကပြေး “လိုက်လို့ပြေးတာလား။ ပြေးလို့လိုက်တာလား။” ဆိုတဲ့ ချယ်ရီသင်း သီချင်းသံကလည်း မြဝတီဘက် ပွဲခင်းဆီက ဖွင့်သံ ကြားနေရတယ်။ စိတ်ထဲမှာတော့ စစ်တပ်ကလိုက်ဖမ်းလို့ ကျနော် #နွေဦးDVB သတင်းထောက် မောင်တူး မဲဆောက် ပြေးလာတာလို့ ပြောနေတယ်။ အလားတူ မရေရာလို့ တပြည်တရွာကို အရောက်ပြေးကြရတဲ့ #နွေဦးDVB ဝိုင်းတော်သားတွေ အားလုံး၊ ထောင်တွင်း #နွေဦးDVB ဝိုင်းတော်သားတွေ အားလုံး၊ စစ်အာဏာရှင် လက်ချက်နဲ့ အသက်ပေးခဲ့ကြရတဲ့ #နွေဦးDVB ဝိုင်းတော်သား အားလုံးတို့ကို ဂုဏ်ယူ လေးစား မှတ်တမ်းတင်နေမိပါတော့တယ်။ တဆက်တည်းပဲ DVB ရေဒီယို လွှင့်စဉ်က အဖွင့်သီချင်းလေးဖြစ်တဲ့ “လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ရအောင်တိုက်မယ် DVB ++ မဝေးတော့တဲ့ အနာဂတ်တခေတ်ဆီ၊ လွတ်လပ်တဲ့ ခေတ်တခေတ်ကို မျှော်ရည်” ဆိုတဲ့ သီချင်းသံလေးကို ကြားနေမိပါတော့တယ်။
ကျနော် # နွေဦးDVB သတင်းထောက် မောင်တူးပါ။ ။