နွေဦး CDM
မောင်တူး
·
February 5, 2025

နွေ ဦး ကာ လ

ဆ ရာ မ သည်

ပျံ ကျ ဈေး သည် ဖြစ်သတည်း။ ။

CDM ဆရာမကြီး ဒေါ်သီသီလွင်ဟာ မြိတ် (ဘိတ်) လူမျိုးပါ။ ပထမဆုံး ထိုင်းနိုင်ငံ မဲဆောက်မြို့ရဲ့ ဈေးတခုမှာ တွေ့တော့ CDM ဆရာမကြီးကို ပညာရေးဝန်ထမ်း၊ စာသင်တဲ့ ကျောင်းဆရာမတဦးလို့ မထင်ခဲ့ဘူး။ စက်ဘီးတစီးနဲ့ သူလာတယ်။ ငရုတ်သီး၊ ပဲသီး၊ ခရမ်းချဉ်သီး၊ ဘူးညွန့်၊ ခရမ်းသီးတွေနဲ့ ကန်စွန်းရွက်တွေ အများကြီးကို စက်ဘီးနဲ့ မနိုင်မနင်း တင်လာတယ်။ ထိုင်းတွေ ကြီးစိုးမင်းမူနေတဲ့ ထိုင်းဈေးမှာ CDM ဆရာမတဖြစ်လည်း ဗမာ ပျံကျဈေးသည်တဦးအနေနဲ့ နေရာကောင်း မရရှာဘူး။ ဈေးထောင့်က ထိုင်းပုံပေါက်နေတဲ့ (ထိုင်းယောင်ဆောင်နေသူ) ဗမာဈေးသည်က သူ့ကို နေရာခွဲပေးလို့ ဈေးရောင်းရတာတဲ့။

“အောက်ကျပါတယ်ရှင်။ ကျမက တနင်္သာရီတိုင်း ထားဝယ်မြို့နယ် (...) ရွာ အလကကျောင်းက ကျောင်းအုပ်ဆရာမကြီးပါ။ ကိုယ်က ဆရာ ဆရာမတွေအပေါ်မှာကော ကျောင်းသူ ကျောင်းသားတွေ အပေါ်မှာကော အထက်စီးက နေခဲ့ရသူလေ။ အခုက သူများမရောင်းချင်တဲ့ နေရာညံ့မှာ ဟင်းရွက်ရောင်းရတယ်။ (Look Down) အပေါ်စီးကကြည့်တာ အထင်သေးတဲ့ မျက်ဝန်းတွေပဲ တွေ့နေရတော့ အားငယ်ရတာပေါ့။ ဒါပေမဲ့ ထောင်ထဲမှာ တောထဲမှာ ပြည်တွင်းမှာ တိုက်ပွဲဝင်နေကြတဲ့သူတွေနဲ့ စာရင် ကျမက သက်သာပါတယ်။ ရောက်တဲ့နေရာကနေ ရသလိုတော့ စစ်အာဏာရှင် ပြုတ်ကျဖို့ ကျမက ဆက်လုပ်နေမှာပဲ။”

CDM ဆရာမကြီးရဲ့ ရွှေ ငွေ စိန် ကျောက်တွေထက် တန်ဖိုးရှိပါသော စကားတွေကို ကြားရတော့ ကျနော့်ရင်ထဲ အားရသွားခဲ့တယ်။ ပထမတုန်းကတော့ အနှီ ဈေးသည်မကြီးက ကျနော့်ကို ဟင်းရွက်တွေ ထိုးပေးပြီး ရောင်းတဲ့အခါ ထိုင်းဈေးထဲ ဗမာဈေးသည်မကြီးကို ဝယ်ယူအားပေးချင်လို့ ဝယ်ခဲ့တယ်။ နောက်တခါ ည ၈ နာရီလောက် သူဆိုင်သိမ်းခါနီး သူက ဟင်းရွက်တော်တော်များများကို အကြွေးနဲ့ ရောင်းလိုက်တယ်။ ကြုံမှ ရှိမှ ပေးပါတဲ့။ (ကြားညှပ်ပြောလိုတာက ထိုင်း မဲဆောက်မှာက ည ၈ နာရီကျော်ရင် လူရှင်းပြီ။ ဈေးဝယ်မလာတော့ဘူး။ ၉ နာရီလောက်များဆို လမ်းပေါ် လူမရှိတော့ဘူး။) ရောင်းကျန်တွေ ကျနော့်ကို ကြွေးနဲ့ရောင်း ဝယ်လိုက်ရင်းက သိသွား ခင်သွားကြတာပေါ့။ ကျနော်ကြိုက်တဲ့ သူ့ရဲ့ စကားတခွန်းကတော့ ဘယ်တော့မှ မမေ့ပါ။

“ကျမကို CDM ဝန်ထမ်းဆိုပြီး သက်ဆိုင်ရာ တော်လှန်ရေးဘက်က လာထောက်ပံ့ပါတယ်။ ဒါပေမဲ့ ကျမက မယူဘူး။ ကျမ ကျောင်းဆရာမလခ မရတော့ပေမဲ့ ငွေရှာနိုင်တယ်။ ဈေးရောင်းတယ်။ ရသမျှ အမြတ်ကလေးတွေထဲက တခြား CDM တွေကို ဖဲ့ကူတယ်။ PDF တွေအတွက်လည်း အလှူထည့်ပေးတယ်။ အခုဆို ကျမက CDM တင်မဟုတ်တော့ဘူး။ ထောက်ပို့တပ်သားပါ ဖြစ်နေပြီ။”

CDM ဆရာမကြီးက ဈေးရောင်းပြီး တနေ့ကို ၁၀ ဘတ်စီ နွေဦးတော်လှန်ရေးရန်ပုံငွေ ထည့်ပါသတဲ့။ တလ ၃၀၀ ပေါ့။ ထိုင်း ၁ ဘတ်က ဗမာ ၁၅၀ ကျပ်လောက်နဲ့ ညီတယ်။ တလ ဘတ် ၃၀၀ ဆိုတော့ ကျပ် ၄၀,၀၀၀ ဝန်းကျင် ထောက်ပံ့တာပေါ့။ ၆ လကို သုံးသိန်းကျပ်နီးပါး လှူခဲ့ပြီးလို့ NUG အစိုးရက ပေးတဲ့ ထောက်ပို့တပ်သားကတ်လည်း ရနေပါပြီတဲ့။ သူ့ပြောစကား ကျနော့်နားထဲ စွဲနေတာကတော့ “ကျမက CDM နှစ်ထပ်ကွမ်း၊ ထောက်ပို့လည်း လုပ်တယ်။ CDM လည်း လုပ်တယ်။ စစ်အာဏာရှင်တွေ ပြုတ်ကျတဲ့အထိ ဆက်လုပ်သွားမယ်” ဆိုတာပါပဲ။

ပြည်သူ့အစိုးရ၊ ဖြုတ်ချ စစ်တပ်

မကျေနပ်လို့၊ ဝန်ထမ်းတို့သည်

ရုံးသို့မလာ၊ ဆန့်ကျင်ပါသည်

CDM များ ဖြစ်ကြတော့တကား။ ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက်မှာ လျှပ်စစ်ဓာတ်အားပေးဌာနက အသက် ၂၀ တောင် မပြည့်တတ်သေးတဲ့ ဝန်ထမ်းမလေး ၃ ယောက်နဲ့ ဘုန်းကြီးကျောင်း တကျောင်းမှာ ကျနော်တို့မိသားစု အတူပုန်းဖူးကြတယ်။ ကျနော်က သတင်းထောက်ဆိုတော့ သတင်းလုပ်ဖော်ကိုင်ဖက် စစ်တပ်နဲ့နီးစပ်တဲ့ ဦးလေးတော်တဦးက ပြန်လာဖို့ ဖုန်းဆက်လာတတ်တယ်။ ပြဿနာ မတက်စေရဘူး။ သူတာဝန်ယူတယ်။ ပြန်လာပြီး အိမ်မှာနေပါ။ သူအာမခံတယ်တဲ့။ အာဏာသိမ်း စစ်ကောင်စီကို မဆန့်ကျင်တဲ့ သတင်းတွေတော့ လုပ်ခွင့်ရမယ်တဲ့။ ကျနော်ကတော့ ဖုန်းပိတ်ထားလိုက်တယ်။

လျှပ်စစ်ဝန်ထမ်းလေးတွေ သူဇာ၊ နီလာ၊ နန္ဒာတို့ ၃ ယောက်ဆီကိုလည်း သူတို့ရဲ့ လျှပ်စစ်ဌာန ခေါင်းဆောင်မမက ဖုန်းခေါ်လာတယ်။

ဌာနမမ။ ။ ညည်းတို့ ၃ ယောက် ပြန်လာပြီး အလုပ်ဆင်းကြ။

သူဇာ။ ။ မလာတော့ဘူးမမ။ သမီးတို့ CDM လုပ်လိုက်ကြပြီ။

လျှပ်စစ်ဌာနမမ။ ။ ဘာ CDM လည်း။ ပြန်လာကြ။ အလုပ်လာဆင်းကြ။

သူဇာ နီလာ။ ။ (စကား ပြန်မပြောကြ)

နန္ဒာ။ ။ သမီးတို့ မလာတော့ဘူးမမ။ သမီးတို့ အစိုးရဘက်မှာပဲ ရပ်တည်မယ်။

လျှပ်စစ်မမ။ ။ အေးလေ။ ခုလည်း နိုင်ငံတော်အစိုးရက ပြန်ခေါ်ခိုင်းတာလေ။

နန္ဒာ။ ။ မဟုတ်ဘူးမမ။ အလုပ်ပြန်ဆင်းခိုင်းနေတဲ့ဘက်က နိုင်ငံတော်အစိုးရ မဟုတ်ဘူးလေ။ သူတို့က စစ်တပ်ပဲ။ စစ်တပ်က သမီးတို့အစိုးရကို ဖမ်းထားတာကို မကြိုက်လို့ သမီးတို့က အလုပ်မဆင်းပဲ CDM လုပ်တာလေ။

CD‌M လျှပ်စစ်ဝန်ထမ်း သမီး‌လေးရဲ့ စကားကို အခု ၄ နှစ်ကြာတိုင် ကျနော် ကြားနေမိပါတယ်။ အာဂ CDM သမီးလေးတွေပါလား။ ဒီစိတ်ဓာတ်တွေနဲ့ ငါတို့ နွေဦးတော်လှန်ရေးတိုက်ပွဲ အောင်မြင်ရမှာ မလွဲပါလား။ လမ်းဘေးဈေးသည်ဘဝ ဘိတ်သံဝဲဝဲ CDM ကျောင်းအုပ်ဆရာမကြီးရဲ့ ထောက်ပို့ CDM နှစ်ထပ်ကွမ်း အားမာန်တွေဟာလည်း အားရစရာပါ။ ထိုင်းမှာ အိမ်ဖော် အကူလုပ်နေကြတဲ့ CDM ဝန်ထမ်းတွေ၊ မှိုစိုက်ရောင်းနေတဲ့ CDM ဆရာဝန်တွေ၊ မှန်ဖြတ် မှန်ဘောင်လုပ်ငန်း လုပ်နေတဲ့ CDM ဗိုလ်မှူး၊ မုန့်ဟင်းခါးရောင်းနေတဲ့ ရန်ကုန်က CDM ကျောင်းအုပ်ဆရာမကြီး၊ စက်ချုပ်နေတဲ့ သတင်းဌာန သတင်းကြေညာသူ CDM ဝန်ထမ်းလေး၊ ဆေးဆိုးပန်းရိုက် လုပ်နေတဲ့ CDM သူနာပြုဆရာမလေး၊ မွေးလူနာကို မွေးဖွားပေးပြီး အပြန် ပဲခူးတိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ အဖမ်းခံလိုက်ရပြီး အသတ်ခံခဲ့ရတဲ့ CDM ဝမ်းဆွဲဆရာမလေး တွေဟာဖြင့် မြန်မာ့နွေဦးတော်လှန်ရေးရဲ့ သူရဲခေါင်းတွေပါပဲ။

အာဏာဖီဆန်

CDM သည်

တော်လှန်တပ်ဦးဖြစ်သတည်း။ ။

CDM ဆိုသည်မှာ Civil Disobedience Movement ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု ဖြစ်ပါတယ်။ CDM ဆရာမ ဆိုပါတော့။ စစ်အာဏာရှင်ကို ဒူးမထောက် မပူးပေါင်း ဆန့်ကျင်တဲ့ ဆရာမလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် စစ်တပ်က CDM တွေကို ဖမ်း၊ နှိပ်စက်၊ ထောင်ချ၊ သတ်၊ CDM တွေရဲ့ အိုးအိမ်ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းနေကြတာပါ။ CDM ကြောင့် အခုထိ ၄ နှစ်တိုင် အစိုးရယန္တရားတွေ ရပ်နေကြရပါတယ်။ စစ်တပ် CDM တွေကြောင့် စစ်ပွဲမှာ နှစ် ၈၀ ကျော် စစ်တပ်ကြီး ရှုံးနေရတယ်။ အင်ဂျင်နီယာ CDM တွေကြောင့် လုပ်ငန်းတွေ ရပ်နေရတယ်။ CDM ကြောင့် အာဏာသိမ်းစစ်တပ်ရဲ့ ဆုံးရှုံးမှုတွေ များစွ၊ ကြီးမားစွ၊ မဟာ အနန္တ ဖြစ်ပါတယ်။

နွေဦး CDM

နွေဦးတော်လှန်ရေးဟာ မျိုးဆက်သစ် မျိုးဆက်ဟောင်း တော်လှန်သူပေါင်း ပေါင်းစုမိကြတဲ့ပွဲ။ CDM ဆိုတဲ့ စကားရပ်ကို အရင်ခေတ်တွေက မြန်မာ့မြေပေါ်မှာ မကြားဘူးခဲ့ပေမဲ့ ဒီနေ့မှာတော့ ၄ နှစ်တိုင်တိုင် ကြံ့ခိုင် အားရှိနေတဲ့ အင်အားစုကြီးပါ။ နွေဦးတော်လှန်ရေးမှာမှ ပေါ်ထွန်းလာကြတဲ့ CDM အင်အားစုကြီးပါပဲ။ ဒါကြောင့်လည်း “နွေဦး CDM” လို့ အမည်နာမ ပေးလိုရခြင်းပါ။ လက်ရှိ မြန်မာ့သမိုင်း စာအုပ်ကြီးထဲမှာတော့ CDM ဟာ နွေဦးတော်လှန်ရေးရဲ့ ထောက်တိုင်ကြီးတခုလို့ သတ်မှတ်ထားရှိနေပါပြီ။ CDM တွေကို ကူညီကြပါ။ CDM တွေကို အားပေးကြပါ။ CDM တွေကို ထောက်ခံကြပါ။ CDM တွေကို ထောက်ပံ့ကြပါ။ CDM တွေကို ဂုဏ်ပြုကြတာတွေဟာ နွေဦးတော်လှန်ရေးအတွက် တိုက်ပွဲဝင် လုပ်ရပ်တွေပါပဲ။ ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013