တောင်ကိုရီးယားနိုင်ငံက အာဏာရှင် ဆန့်ကျင်သူတွေဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ၄ နှစ်ပြည့်ကန့်ကွက်ရှုတ်ချဖို့နဲ့ နွေဦးတော်လှန်ရေး အောင်နိုင်ရေးတို့အတွက် ဖေဖော်ဝါရီ ၂ ရက်နဲ့ ၃ ရက်နေ့တွေက ဆိုးလ်မြို့နဲ့ ဘူဆန်မြို့တွေမှာ ဆန္ဒပြခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၂ ရက်မှာ စစ်တပ်အာဏာသိမ်း ၄ နှစ်ပြည့်နဲ့ နွေဦးတော်လှန်ရေး အောင်နိုင်ရေး၊ အာဏာရှင်စနစ် ကျရှုံးရေးအတွက် တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဘူတာအနီးမှာ ဘူဆန်-မြန်မာ ပူးပေါင်းအဖွဲ့တွေက “မြန်မာနှင့် ကိုရီးယားတွင် ဒီမိုကရေစီပန်းများ ပွင့်လန်းလာတဲ့အထိ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆန္ဒပြခဲ့ကြတာပါ။
ညနေပိုင်းမှာတော့ ကိုရီးယားနိုင်ငံ ဒုန်ဒဲဂုဘူတာရှေ့မှာ MFDMC နဲ့ မြန်မာပူးပေါင်းအဖွဲ့တွေက ဆက်လက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၃ ရက်မှာတော့ တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ် ဆောင်းဒုံဂူ အို့ဆုဒုံမှာရှိတဲ့ မြန်မာသံရုံးရဲ့ တပ်မတော်ဆိုင်ရာ တာဝန်ခံဌာန (မူကွမ်းဘူ) အရှေ့မှာ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။
မြန်မာပြည်သူတွေရဲ့ ဆန့်ကျင်မှုတွေကြောင့် စစ်တပ်ဟာ နိုင်ငံတွင်းမှာ ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှု မရှိတော့ပေမဲ့ အကြမ်းဖက် ပစ်ခတ်မှုတွေကနေတဆင့် ပြည်သူတွေကို သတ်ဖြတ်နေဆဲဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်မှာ တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲ ကျင်းပပြီး စစ်အာဏာသိမ်းမှုကို တရားဝင်ဖြစ်အောင် ကြိုးပမ်းနေကြောင်း၊ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ မျက်မြင်တွေ့ခဲ့ရတဲ့ မြန်မာပြည်သူတွေက ရွေးကောက်ပွဲအတုနဲ့ အာဏာဆက်သိမ်းထားတဲ့ စစ်တပ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့အကြောင်း ဆန္ဒပြခေါင်းဆောင်တွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။