Home
မြန်မာသတင်း
ဝါရှင်တန်ဒီစီ မြန်မာသံရုံးဝန်ထမ်းများ အလံဖြူထောင်ဘက်ပြောင်းရန် တိုက်တွန်း
DVB
·
February 2, 2025

ဝါရှင်တန်ဒီစီ မြန်မာသံရုံးက လက်ကျန်ဝန်ထမ်းတွေ အလံဖြူထောင်ပြီး ပြည်သူ့ဘက် ကူးပြောင်းဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက စစ်အာဏာသိမ်း ၄ နှစ်ပြည့် ဆန္ဒထုတ်ဖော်ပွဲမှာ တိုက်တွန်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့၊ စစ်အာဏာသိမ်း ၄ နှစ်ပြည့်မှာ အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ မြန်မာသံရုံးနဲ့ တရုတ်သံအမတ်ရဲ့ နေအိမ်ရှေ့မှာ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြပွဲခဲ့တာပါ။

မြန်မာသံရုံးက လက်ကျန်ဝန်ထမ်းတွေ အလံဖြူထောင်ပြီး ပြည်သူ့ဘက်ကူးပြောင်းဖို့နဲ့ တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်တာကို ရပ်တန့်ဖို့ အမေရိကန်ရောက်မြန်မာတွေက အဓိကထား တောင်းဆိုခဲ့တာ တွေ့ရပါတယ်။

ကိုစိုးစိုး(Chin Community of USA- DC Area)က “အာဏာသိမ်းမှုဟာ ၄ နှစ်တိုင်ခဲ့ပြီ။ စစ်ကောင်စီရဲ့ ဒီယန္တရားဟာ မလည်ပတ်နိုင်ဘူးဆိုတာ မျက်ဝါးထင်ထင်မြင်ရပြီ။ ၆ လပြီး ၆ လ သက်တမ်းတွေတိုးနေတာ ၄ နှစ်တိုင်ခဲ့ပြီ။ သူတို့ အာဏာလွှမ်းမိုးမှုမရှိတော့ဘူးဆိုတာ ကျနော်တို့အနေနဲ့ လာအသိပေးတာဖြစ်တယ်။ သံရုံးမှာ အလုပ်လုပ်နေကြသေးတဲ့ သူတွေပေါ့နော်၊ အလံဖြူထောင်ပြီး အလင်းဝင်ကြပါ၊ ပြည်သူနဲ့ ပူးပေါင်းကြပါဆိုတာကို လာပြီး အသိပေးလိုက်ပါတယ်”လို့ ပြောပါတယ်။

တရုတ်အစိုးရရဲ့ မြန်မာ့အရေး ဝင်ရောက်စွက်ဖက်မှုတွေကို ချက်ချင်းရပ်တန့်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို ဒီဇင်ဘာ ၇ ရက်နေ့ကစပြီး နိုင်ငံတကာရောက်မြန်မာတွေက ဆန့်ကျင် ကန့်ကွက်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာပါ။

ဒါပေမဲ့ တရုတ်အစိုးရက စွက်ဖက်တာတွေ ဆက်လုပ်နေတာကြောင့် နိုင်ငံတကာပြည်သူတွေက ဒီအရေးကိစ္စကို သိမြင်အောင် ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှေ့မှာ တည်ရှိတဲ့ တရုတ်သံအမတ် အိမ်ရှေ့မှာပါ တရုတ်အစိုးရကို ကန့်ကွက်ကြောင်း ဆန္ဒပြဆက်ပြနေကြတာဖြစ်ပါတယ်။

ကိုရင်အေး (Save Myanmar-USA) က “အပြစ်မဲ့ပြည်သူတွေကို ဗုံးနဲ့ကြဲတယ်၊ ရွာတွေကို မီးနဲ့ရှို့တယ်၊ ဒါက စစ်ကောင်စီ လုပ်နေတဲ့ဟာတွေ၊ အဲဒီလိုမျိုး အကြမ်းဖက်မှုတွေ လုပ်လာခဲ့လို့ရှိရင် ဘယ်သူက တာဝန်ယူပြီးတော့ ကာကွယ်စောင့်ရှောက်ပေးမလဲဆိုတဲ့ အာမခံချက်တွေမရှိဘဲနဲ့ ငြိမ်းချမ်းရေးစကားပြောပါလို့ ပြောနေတာဟာ စစ်ကောင်စီကို သက်သက်မဲ့ ထွက်ပေါက်ပေးနေတာ။ အသက်ပေါင်း ၅၀၀၀ ကျော်၊ ၆၀၀၀ နီးပါး ရင်းထားခဲ့ရတဲ့ ဆက်လက်ပြီးတော့လည်း အပြစ်မဲ့ပြည်သူတွေသတ်ဖြတ်ခံနေရတဲ့ ကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးကြီးကို လမ်းကြောင်းပြောင်းသွားအောင် တုံ့နှေးသွားအောင်လုပ်နေတဲ့ လုပ်ရပ်တွေပဲဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ ပြောချင်တယ်။ အဲဒီအတွက် တရုတ်သံအမတ်အိမ်ရှေ့မှာရော စစ်ကောင်စီသံရုံးရှေ့မှာရော ဒီနှစ် ၄ နှစ်မြောက် ဆန္ဒပြပွဲကိုလာပြီးပြသရခြင်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

စစ်အာဏာသိမ်း ၄ နှစ်ပြည့်ချိန်မှာ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေဘက်က အသာစီးယူနိုင်တဲ့ အခြေအနေတချို့ ရှိလာပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးမှုတွေလည်း ရှိနေတာပါ။

၂၀၂၄ ခုနှစ်အတွင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ကောင်စီတို့ သံတမန်ရေးရာ အားပြိုင်မှုတွေ ပြင်းထန်ခဲ့ပေမယ့် တရားဝင်အစိုးရတရပ်အဖြစ် အသိအမှတ်ပြု ဆက်ဆံခံရတာမျိုး အထိတော့ ခရီးမရောက်ခဲ့ကြပါဘူး။

အာဆီယံနိုင်ငံတခုချင်းစီရဲ့ မြန်မာ့အရေးအပေါ် ရပ်တည်မှုမတူကြတဲ့အတွက် အာဆီယံရဲ့ လှုပ်ရှားမှုတွေဟာ ထိရောက်မှုရှိလာမှာ မဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုကတော့ ၂၀၂၅ မှာ ပိုအားကောင်းလာဖို့ရှိတယ်လို့ တရုတ်နိုင်ငံအခြေစိုက် မြန်မာ့အရေးသုတေသီတယောက်က ခန့်မှန်းထားပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024