
မကွေးတိုင်း၊ ရေစကြိုမြို့မှာ အာဏာသိမ်း ၄ နှစ်ပြည့်အကြို လူထုဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့တယ်လို့ ရွှေဗန့်ဂျီ(ရွာပေါင်းစုံ)သပိတ်အင်အားစု ဆီကနေ သိရပါတယ်။
ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းမှာ ရေစကြိုမြို့နယ်အတွင်းက စစ်ကောင်စီတပ် မီးရှို့ထားတဲ့ ကျေးရွာတရွာမှာ “အထွေထွေဖိနှိပ်မှုကို အံတုကြ”၊ “၃ ရက်လုပ်မှ ၁ ရက်စားရတဲ့ ဘ၀တွေကို နောက်မျိုးဆက်ထိ ကူးစက်မခံဘူး” စတဲ့စာသားတွေကို ကိုင်စွဲပြီး ဆန္ဒပြပွဲကို လူအင်အား ၃၀၀ ကျော်နဲ့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ရွှေဗန့်ဂျီသပိတ်စစ်ကြောင်း တာဝန်ရှိသူက “အာဏာသိမ်း ၄ နှစ်ပြည့်အကြို လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့တာပေါ့။ ၄ နှစ်ပြည့်သွားပေမဲ့ ပြည်သူတွေ သွေးအေးမသွားဖို့၊ ဘုံရန်သူကို အမြစ်ပြတ်တိုက်ထုတ်ဖို့ သပိတ်တရားတွေ ဟောခဲ့ပါတယ်။ တော်လှန်လူထုဖျော်ဖြည်မှု အစီအစဉ်နဲ့ တေးသရုပ်ဖော် အကအလှတွေနဲ့လည်း ဖျော်ဖြေခဲ့ပါတယ်” လို့ ပြောပါတယ်။
ပြည်တွင်းပြည်ပက အလှူရှင်တွေ လှူဒါန်းထားတဲ့ တော်လှန်ရေးနှိုးဆော်စာ ရိုက်နှိပ်ထားတဲ့ တီရှပ်အင်္ကျီ ၁၅၀ ကို မဲဖောက်လှူဒါန်းတာတွေလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။