Home
ဆောင်းပါး
Principle of Proportionality ကို လိုက်နာဖို့ မမေ့ကြပါနဲ့
DVB
·
January 28, 2025

သတင်းတွေထဲမှာ ဘယ်မြို့ကိုသိမ်းလိုက်ပြီ၊ ရန်သူ ဘယ်လောက် သေဆုံးသွားပြီ၊ ဘ‌ယ်လောက် ထွက်ပြေးသွားပြီ၊ အကောင်ကြီးကြီးကို ဖမ်းမိထားပြီ စသဖြင့် အခုနောက်ပိုင်းမှာ ခပ်စိပ်စိပ် တွေ့ရ ကြားနေရပါပြီ။ ဒါဟာ တော်လှန်ရေးရဲ့ တဆင့်ဆင့်မြင့်တက်လာတဲ့ လက္ခဏာရပ်ပဲ ဖြစ်ပါတယ်။ ဝမ်းသာစရာ၊ အားတက်စရာ သတင်းတွေ ဖြစ်ပါတယ်။ ဒီလို ရုပ်ပိုင်းအရ အရှိန်မြင့်လာတာနဲ့အမျှ စိတ်ဓာတ်ပိုင်း၊ ကျင့်ဝတ်ပိုင်း အရမှာလည်း ပိုပြီး လိုက်နာအားကောင်းမှုတွေ ရှိလာရမှာ ဖြစ်ပါတယ်။

အမြဲတမ်း မဟုတ်ပေမဲ့ တခါတရံမှာ တချို့သတင်းလေးတွေက ကြားနေရဆဲပါ။ ကာကွယ်ရေးအဖွဲ့တွေ ချေမှုန်းခံရတဲ့သတင်း မဟုတ်ပါဘူး။ တချို့သော ကာကွယ်ရေးအဖွဲ့တွေ သတိထား လုပ်ဆောင်သင့်တဲ့ လုပ်ရပ်ကလေးတွေ ဖြစ်ပါတယ်။ ဘယ်နေရာမှာတော့ ဘယ်ကာကွယ်ရေးအဖွဲ့က ဒရုန်းနဲ့တိုက်ခိုက်လို့ စကစတချို့ ထိခိုက်ဒဏ်ရာရတာ၊ ဘယ်မှာတော့ သွားရောက်တိုက်ခိုက်လို့ စကစ တပ်သားတယောက် သေသွားတာ၊ ဘယ်နေရာမှာ ဘယ်နှနာရီကြာ တိုက်ပွဲဖြစ်ပွားပြီး စကစ ၂ ယောက်သေတာ စသဖြင့် သတင်းတွေကို ကြားရမှာပါ။ ည အဲဒီသတင်းတွေပြီးရင် နောက်ဆက်တွဲ သတင်းတွေကိုလည်း ဆက်လက် နားထောင်ကြည့်စေချင်ပါတယ်။ အဲဒီတိုက်ပွဲဖြစ်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ဒရုန်းနဲ့ချခဲ့တဲ့ နေရာတွေကို စကစဘက်က စစ်ကြောင်းထိုးတာ၊ မီးရှို့တာ။ အဲဒါတွေကြောင့် ရွာသူရွာသား ဘယ်နှစ်ယောက်၊ ရွာဘယ်နှစ်ရွာက ထွက်ပြေးတိမ်းရှောင်နေရတာ။ စတဲ့သတင်းတွေ ပေါ်ထွက်လာလေ့ ရှိပါတယ်။ မှန်ပါတယ်။ စကစဟာ ကာကွယ်‌ရေးတပ်တွေက သွားပြီးတိုက်တိုက်၊ မတိုက်တိုက် စစ်ကြောင်းထိုး၊ မီးရှို့ အကြမ်းဖက်တာ လုပ်နေကြပါပဲ။ ဒါပေမဲ့ တခါတလေ ကိုယ့်ဘက်က အဲလို မထိခလုတ်၊ ထိခလုတ် လုပ်လိုက်မိတဲ့အတွက် ခံရတာတွေ ရှိပါတယ်။ ဒေသခံပြည်သူတွေ အသိဆုံးပါ။ ဒီလိုအဖြစ်အပျက်တွေဟာ ၂၀၂၁၊ ၂၂ ကာလတွေမှာ ဖြစ်လေ့ရှိ‌တာ သဘာဝကျပေမဲ့ ခုလို တော်လှန်ရေးသက်တမ်း ၄ နှစ်ကြာလာတဲ့အချိန်မှာ မဖြစ်သင့်တော့ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒါဟာ principle of proportionality လို့ခေါ်တဲ့ အခြေခံမူကို ချိုးဖောက်တာ ဖြစ်ပါတယ်။ စကစဘက်က ဒီလိုချိုးဖောက်မှုတွေ ရှိပေမဲ့ တော်လှန်ရေးဘက်ကတော့ ဒါမျိုးတွေကို မချိုးဖောက်မိအောင် စောင့်ထိန်းရမှာဖြစ်ပါတယ်။

Principle of proportionality ဆိုတာ ဘာလဲ

မြန်မာလိုဆိုရင်တော့ အချိုးညီမှု အခြေခံမူလို့ ခေါ်လို့ရရင်ရနိုင်မှာပါ။ ဒီအခြေခံမူဟာ တခြားနယ်ပယ်တွေမှာ ရှိကောင်းရှိနိုင်ပေမဲ့ ဒီဆောင်းပါးမှာကတော့ ဥပဒေနယ်ပယ်အတွင်းကနေပဲ ဖော်ပြသွားမှာပါ။

Criminal law လို့ခေါ်တဲ့ ပြစ်မှုဆိုင်ရာ ဥပဒေမှာဆိုရင် proportionality သဘောတရားကို တွေ့နိုင်ပါတယ်။ ဒီအဆက်အစပ်အရဆိုရင် တရားခံကျူးလွန်လိုက်တဲ့ ပြစ်မှုတခုကို တရားစီရင်ရာမှာ အလေးအပေါ့၊ အတိမ်အနက် ချိန်ဆရပါတယ်။ ပန်းသီးတလုံးလောက် ခိုးတဲ့သူကို နှစ်ရှည်ထောင်ဒဏ်ချမှတ်လို့ မရပါဘူး။ ထိုနည်းလည်းကောင်း လူသတ်မှု ကျူးလွန်ထားတဲ့ သူကိုလည်း ကွင်းလုံးကျွတ် လွှတ်ပေးတာ၊ လပိုင်းပဲ ထောင်ချတာမျိုးတွေ လုပ်လို့မရပါဘူး။ သူကျူးလွန်လိုက်တဲ့ ပြစ်မှုအပေါ်ကို သေချာစဉ်းစားသုံးသပ်ပြီး ပြစ်မှုနဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်မျိုးကို ချမှတ်ရမှာ ဖြစ်ပါတယ်။ ဒါမှသာ တရားမျှတမှုကို ဖော်ဆောင်ပေးနိုင်မှာပါ။

ဒါကို ပြစ်မှုဥပဒေအရ ပြစ်မှုနဲ့ပြစ်ဒဏ် အချိုးညီမှုလို့ ခေါ်ပါတယ်။ အချိုးညီမှု အခြေခံမူကို Law enforcement လို့ခေါ်တဲ့ ဥပဒေအရ အရေးယူ ဆောင်ရွက်တဲ့ နေရာမှာလည်း တွေ့နိုင်ပါတယ်။ ရဲတွေဟာ ဥပဒေအရ ဆောင်ရွက်ခွင့်ရှိသူတွေ ဖြစ်နေပေမဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ အလွန်အကျွံဖြစ်လို့ မရပါဘူး။ အင်အားအသုံးပြုတားဆီးတယ်၊ ဖမ်းဆီးတယ် ဆိုရာမှာလည်း မူရင်းရည်ရွယ်ချက်ကို မျက်ခြည်မပြတ်စေဖို့ လိုပါတယ်။ ဆိုပါတော့..... ယာဉ်တိုက်မှုမှာ ကျူးလွန်တဲ့သူဟာ ထွက်ပြေးသွားတယ်။ ရဲတွေက လိုက်ဖမ်းတယ်။ ကျူးလွန်သူဟာ ဘာလက်နက်မှလည်း မပါ၊ ဘာခုခံမှုမှ မရှိဘဲနဲ့ သေနတ်နဲ့ အသေပစ်ဖမ်းတာမျိုး လုပ်မယ်ဆို ဒါဟာ အချိုးညီမှု အခြေခံမူကို ချိုးဖောက်တာပဲ ဖြစ်ပါတယ်။

အလားတူ အချိုးညီမှု အခြေခံမူကို IHL လို့ခေါ်တဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေ (ဝါ) စစ်ပွဲဥပဒေမှာလည်း တွေ့ရှိနိုင်ပါတယ်။ အရပ်သားပြည်သူတွေကို ထိခိုက်နစ်နာမှုဟာ ကိုယ် ရည်ရွယ်တိုက်ခိုက်တဲ့ စစ်ရေးပစ်မှတ်ကြောင့် ရရှိလာတဲ့ စစ်ရေးအကျိုးအမြတ်ထက် ပိုပြီးကြီးမားနေမယ်ဆိုရင် အဲဒီလို တိုက်ခိုက်မှုမျိုးကို ရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကိုယ်က ရန်သူအုပ်စုကို တိုက်ခိုက်ချင်ဝာာကြောင့် အရပ်သားတွေရှိတဲ့ရွာကို ဗုံးကြဲတိုက်ခိုက်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ခိုက်မှုတခု မလုပ်ခင်မှာ စစ်ရေးအကျိုးအမြတ်ရယ်၊ အရပ်သားပြည်သူ ခံစားရမယ့် ထိခိုက်နစ်နာမှုရယ်ကို အသေအချာ ချိန်ဆပြီး တွက်ချက်ရပါမယ်။

မကြာခင်ဆို တော်လှန်ရေးဟာ ၄ နှစ်ပြည့်တော့မှာပါ။ ပြည်သူ့ကာကွယ်ရေးတပ်သားတွေ အနေနဲ့လည်း တိုက်ရည်ခိုက်ရည် ပြည့်ဝနေကြပါပြီ။ သို့ပေမဲ့ တချို့အဖွဲ့တွေမှာတော့ ကျင့်ဝတ်ပိုင်းအရ၊ စိတ်ဓာတ်ရေးရာအရ ဖြည့်ဆည်းရမှာတွေ၊ လိုက်နာရမှာတွေ ရှိနေပါသေးတယ်။ အဲဒီ လိုက်နာရမယ့်အထဲမှာ Principle of Proportionality လို့ခေါ်တဲ့ အချိုးညီမှု အခြေခံမူကိုလည်း အလေးအနက် ထည့်သွင်းစဉ်းစားလို့ တိတိကျကျ လိုက်နာကြဖို့လိုအပ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေကို တိုက်တွန်းလိုက်ရပါတယ်။

တင်ဦး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013