တင်မိုး လွန်ခေတ်၊ တဆယ့်ရှစ်တွင်
သားချစ် လွမ်းနေ၊ သမီးတွေလည်း
မျက်ရည်ဝဲလို့ နေဆဲပါတကား။ ။
ကဗျာဆရာကြီး (ဦးတင်မိုး) ဟာ ၂၀၀၇ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က အမေရိကန်နိုင်ငံမှာ ကွယ်လွန်သွားခဲ့ရပါတယ်။ အခု ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၂ ရက်ဟာ ဆရာတင်မိုး ကွယ်လွန်တဲ့ ၁၈ နှစ်မြောက်ပါ။ စစ်အာဏာရှင်လက်အောက် အမောင်ဖုံးလွှမ်းကာလကြီး တလျှောက်လုံးမှာ ကဗျာဆရာကြီးဟာ သတ္တိရှိရှိ အမှန်တရားတွေကို ကဗျာအဖြစ် တော်လှန်ကဗျာ အပုဒ်ရေပေါင်းများစွာ ရေးခဲ့သူပါ။
ငါတို့ဉာဏ်စ၊ တို့လုံ့လကြောင့်
မုချတနေ့၊ ငါတို့နေ့သို့
မရွေ့မဖည်၊ ရောက်ရမည်တည့်။ ။
(တင်မိုး)
တော်လှန်ကဗျာမှ တော်လှန်ကဗျာ စစ်စစ်တွေကို ရေးရဲခဲ့ပါတယ်။ ဒါကြောင့်လည်းသူဟာ ထောင် ၄ နှစ် ကျခဲ့ပါတယ်။ ဒါ့အပြင် စာပေဟောပြောခွင့်လည်း အပိတ်ခံခဲ့ရပါတယ်။ ဒီလို ခံရတာဟာ မန္တလေးဟောပြောပွဲမှာ ရွတ်ခဲ့တဲ့ "မြက်ရိုင်းထဲက ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်" နဲ့ "ဘောလုံးပွဲ" ကဗျာ ၂ ပုဒ်ကြောင့်ပါ။ ဒီအကြောင်းကို သက္ကရာဇ် ၂၀၀၀ ခုနှစ် ဇူလိုင်လ ၂၅ ရက်က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ စာပေဟောပြောပွဲမှာ ပြောခဲ့တာပါ။
စာပေဟောခွင့်အပိတ်ခံရကြောင်း ပြောပြချက်
လွတ်လပ်စွာဟောပြောခွင့် မရကြောင်း ပြောပြရဦးမယ်။ မန္တလေးမှာ ဟောပြောပွဲ လုပ်ခဲ့တုန်းက ကဗျာ ၂ ပုဒ် ရွတ်တယ်။ တပုဒ်ကတော့ မြက်ရိုင်းထဲက ဗိုလ်ချုပ်အောင်ဆန်း" တဲ့။ တကယ်ပါ။ တကယ်ပြောတာပါ။ မယုံရင် လိုက်ကြည့်ပါလို့ ကျနော်က စိန်ခေါ်ပါတယ်။ အင်းစိန် ဖော့ကန်ကနေ လွန်လိုက်တဲ့ခါ အောင်ဆန်းမြို့သစ် ရှိပါတယ်။ အဲ့သည် အောင်ဆန်းမြို့မှာ ပန်းခြံတခုရှိတယ်။ မိန်းလမ်းပေါ်ကတော့ မမြင်ရဘူး။ အောင်ဆန်း စက်မှုလက်မှုကျောင်းရဲ့ နောက်ဖေးမှာရှိတယ်။ ပန်းခြံမှာ တော်တော်လက်ရာမြောက်တဲ့ ဗိုလ်ချုပ်ကြေးရုပ် တောင်ကြီးက ဆရာ ဦးစံဖေရဲ့ လက်ရာပါ။ ဗိုလ်ချုပ်အောင်ဆန်း စာရွက်လိပ်ကလေးကိုင် တရားဟောနေပုံ။ စာရွက်တော့ မရှိတော့ဘူး။ ကြေးက အဖိုးတန်မို့ ကြေးစာရွက်လိပ်ကို ခိုးသွားကြပြီ။ အဲ့သည်တော့ ဗိုလ်ချုပ် ဘာကိုင်နေမှန်းတောင် မသိဘူး။ ကြေးရုပ်ရှိနေတာကို အများက မသိကြဘူး။ ပတ်ဝန်းကျင်မှာ မြက်ရိုင်းတွေ တောထနေတယ်။ နွားတွေ မြက်စားနေကြတယ်။ ဗိုလ်ချုပ်ကြေးရုပ်ဘေး နွားတွေ တွေ့ရကြောင်း ကဗျာရေးလိုက်တယ်။ စာပေဟောပွဲမှာ ရွတ်တယ်ပေါ့။
မြက်ရိုင်းထဲက ကြေးရုပ်
မြက်ရိုင်းထဲတွင်
ထိုင်ဆဲ မလှုပ်၊ "ဆန်း" ကြေးရုပ်။
သမိုင်းများစွာ ဖြတ်သန်းလာတော့
"ငါ" တွေ မြက်ရိုင်း၊ နေရာတိုင်းမို့
သမိုင်းပြယုဂ်၊ ဆန်း ကြေးရုပ်ကို
ကျွန်ုပ်တို့ မေ့ခဲ့ကြပြီ။
ဆန်း၏ လမ်းစဉ်၊ တို့ မမြင်တော့
ကျေးဇူးရှင်မှန်း၊ မသိစွမ်းတော့
ဆန်း၏ ဂုဏ်ပုဒ်၊ ဆန်း၏ ရုပ်ကား
တိမ်မြုပ်ခဲ့ပြီ၊ အတိတ်ဆီ။
ဗိုလ်ချုပ်အောင်ဆန်း၊ ခင်းသောလမ်းကား
လွမ်းစရာပင်၊ အလှမ်းကွာခဲ့ပြီ။
ဗိုလ်ချုပ်လက်တွင်၊ စာရွက်လိပ်ထား
ကြေးဝါပြားကို၊ ရောင်းစားဖို့ရာ
ခွာခဲ့ရှာပေါ့၊ လက်မှာ စာရွက်မဲ့ခဲ့ပြီ။
ဗိုလ်ချုပ် ဟောရ မောရ
သောက အများ၊ ဟောပါ့ တရား
ကျောက မကြား ဖြစ်ခဲ့ပြီ။
လွတ်လပ်ရေးကို၊ သွေးနှင့်ရင်း၍
အပ်နှင်းခဲ့ရ၊ သူ့ဘဝကို
မြေချ သင်္ဂြိုဟ်ခဲ့ကြပြီ။
သမိုင်းနာလည်း၊ နာမှန်းမသိ
တို့ မထိတော့ . . . .
တို့၏ ကိုယ်ကျိုး၊ တို့ထုပ်ပိုးဖို့
အမျိုးသားရေး၊ တို့မတွေးအား။
အရေးတော်ပုံ၊ တို့မဖြုံအား
တို့ ယုံသည်ကား၊ တို့ကောင်းစားဖို့။
အများအရေး၊ တို့မတွေးအား
ကိုယ်ရေး ကြည့်ကာ၊ တို့ လိမ်မာဖို့
အရာရာတွင်၊ ကိုယ်ကျိုးမြင်ကာ
မီးစင် ကြည့်၍ က တတ်ဖို့။
ဗိုလ်ချုပ်ကြေးရုပ်၊ မြက်ရိုင်းအုပ်လည်း
မခုတ်တော့ဘဲ၊ မျက်နှာလဲပြီ
နေမြဲနေကြပါစေတော့။ ။
(တင်မိုး) ၁၉၉၅
နောက်တပုဒ် ဘောလုံးပွဲ ကဗျာအကြောင်း ဆရာ့ ပြောပြချက်
နောက်တပုဒ်က ဘောလုံးပွဲကဗျာ။ ကျနော်က ဘောလုံးပွဲခေါင်းစဉ်နဲ့ ၃ ပုဒ်လောက်ရေးဖူးပါတယ်။ အဲ့သည် မန္တလေးစာပေ ဟောပြောပွဲမှာ ရွတ်ခဲ့တာကတော့ ဘောလုံးပွဲပေါ့ဗျာ။ ဖိုင်နယ်ပွဲ ဒိုင်းလုပ်ကြ။ ဘီအသင်းက နိုင်ပြီ။ အသင်းသားတွေလည်း ကွင်းပတ် အောင်ပွဲခံနေပြီ။ ဒိုင်ကလည်း ဆုံးဖြတ်လိုက်ပြီ။ ဒါပေမဲ့ မိုးလင်းတဲ့တိုင် ဆုဖလားက မပေးသေးဘူး။ တကယ့် အံ့ဖွယ်သရဲ စံပါပဲဆိုတဲ့ ဘောလုံးပွဲကဗျာ ရွတ်လိုက်တာ နောက်ပွဲ ဟော့ခွင့် ပိတ်တော့တာပါပဲ။
ဘောလုံးပွဲ
ဘောလုံးပွဲကား
သဲသဲရုတ်ရုတ်၊ ခရာတုတ်လျက်
မိုးချုပ်ချိန်မှာ ပွဲသိမ်းပြီ။
နိုင်သည့်အသင်း၊ ကွင်းထဲဆင်း၍
ကွင်းကိုလှည့်ပတ်၊ ပရိသတ်ကို
ဦးညွတ် အလေးပြု ပြီးပြီ။
အဖွဲ့ချုပ်က၊ ဥက္ကဋ္ဌလဲ
ရှေ့ကဒိုင်းကြီး၊ ပွဲအပြီးတွင်
လက်ခုပ်တီးသံ၊ တညံညံနဲ့
နိုင်သူ့ထံသို့ အပ်ရန်သာ။
သန်းခေါင်တိုင်လဲ၊ အောင်နိုင်သောဆု
မ အပ် သေး။
ပရိသတ်ကား၊ မတ်တပ်ရပ်၍
စောင့် ကြ ဆဲ။
ဒိုင်နှိပ်စက်၍
ကြွက်တက်သူတက်၊ အိပ်ပျက်သူပျက်
စိတ်ညစ်သူညစ်၊ လစ်သူလစ်ပြီ
မ ဖြစ် ဖူးမြဲ ဘောလုံးပွဲ
အံ့ဖွယ်သရဲစံပါပဲ ။ ။
(တင်မိုး)
ဘောလုံးပွဲကဗျာဟာ အများ သိတဲ့အတိုင်း ၁၉၉၀ ရွေးကောက်ပွဲမှာ NLD က အပြတ်အသတ် မဲနိုင်ပေမဲ့ အာဏာမလွှဲတာကို ရည်ရွယ်ပါတယ်။ ဒါကို မကြိုက်လို့ နဝတ စစ်အာဏာရှင်တွေက နောက်နေ့ သဲတော ဝမ်းတွင်းမှာ လုပ်မယ့်စာပေဟောပြောပွဲမှာ တခြား ဆရာ မြသန်းတင့်၊ ဂျူး စတဲ့ စာရေးဆရာ ဆရာမ သုံးလေးဦးကိုတော့ ဟောခွင့်ပြုပေမဲ့ ဆရာတင်မိုးကိုတော့ ပိတ်ပါတယ်။ မြက်ရိုင်းထဲက ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ကဗျာကလည်း ဗိုလ်ချုပ် အောင်ဆန်း သမိုင်းကို ဖျောက်ထားတဲ့အကြောင်းကို ရေးဖွဲ့တာမို့ စစ်အာဏာရှင်တွေ စိတ်ဆိုးပါတယ်။ ဒီကဗျာ ၂ ပုဒ်ကြောင့် စာပေဟောခွင့် နောက်ထပ် ၂ မြို့မှာလည်း ထပ်အပိတ်ခံခဲ့ရတာပါ။ ဒါတွေကို ပြစ်ချက်အဖြစ် တေးထားပြီး ၁၉၉၁ ခုနှစ်မှာ ကဗျာရေးမှုနဲ့ ဆရာတင်မိုး အဖမ်းခံရပါတော့တယ်။
ဆရာတင်မိုးကို ထောင်ကျစေခဲ့သော ကဗျာများ
နှလုံးပုပ်တဲ့သူကို
ထုံးသုတ်သည့်တိုင်
ဖြူနိုင်ပါ့မလား။ ။
(တင်မိုး)
ရှစ်လေးလုံးအပြီး မြို့ရွာ ခြံစည်းရိုး နံရံတွေကို စစ်အာဏာရှင်က ထုံးဖြူတွေသုတ်တော့ ဆရာက အထက်ပါကဗျာလေး ရေးခဲ့သတဲ့။ ဆရာ့အပြောကတော့ ဒီကဗျာကလေးကလည်း သူ့အတွက် ထောင်ကျမှတ် တမှတ်ပါတဲ့။
ဒီလူတွေနဲ့ ငြိမ်းချမ်းရေး
ဘယ်နှယ်လုပ် ဆွေးနွေးကြမလဲ
ငြိမ်းချမ်းရေးအသံကြားရင်
နားဝမှာ ခါးနေတဲ့ လူတွေ။
စစ်ရှိမှ ကြီးပွါး
စစ်နဲ့ဘဲ လုပ်စားနေကြတာ။
စစ်အား မကောင်းရင်
ဂျစ်ကားတောင် မောင်းနိုင်မှာ မဟုတ်ဘူး။
(တင်မိုး)
ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများ ကဗျာမှ . . . .
ကွန်မြူနစ်ကြောက် ရောဂါရနေတဲ့ စစ်အာဏာရှင်ဟာ အထက်ပါကဗျာ အတွက်လည်း အတော် စိတ်ဆိုးပါသတဲ့။
"ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဂုဏ်ပြုကဗျာ"
"ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် ဈာပနကဗျာ"
"ခွပ်ဒေါင်းအလံခေါ်ရာသို့ လွတ်မြောက်ရေးကဗျာများ စတဲ့ ကဗျာ ပုဒ်ပေါင်းများစွာကို စစ်ဏာရှင်တွေက ပြစ်မှုတွေလို့ သတ်မှတ်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်က အင်းစိန်ထောင် စစ်ခုံရုံးကနေ
"တရားခံသည်
စစ်အာဏာရှင် စနစ်အောက်ကို ဒူးမထောက်
စစ်အာဏာရှင် စနစ်ကို ရှိမခိုးနိုင်
စစ်အာဏာရှင် စနစ် အသက်ရှင်နေသမျှ တိုင်းပြည်
ဒုက္ခပင်လယ် ဝေနေလိမ့်မည်ဟု နိုင်ငံတော်ကို ခြောက်ခြားအောင်
ကဗျာများ ရေးသားခဲ့၍ ထောင် ၄ နှစ် ချလိုက်ပါသည်" လို့ စီရင်ချက်ချတော့ (ဆရာတင်မိုးက) တန်တယ်ကွာ။ ငါ့ကို တော်လှန်ကဗျာဆရာလို့ မှတ်ပုံတင်လိုက်တာပဲလို့ တွေးပြီး ထောင်ထဲဝင်သွားခဲ့တယ်တဲ့။
အခု ဒီနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၂ ရက်နေဟာဖြင့် မြန်မာ့သမိုင်းဝင် တော်လှန် ကဗျာဆရာကြီး ဦးတင်မိုး ကွယ်လွန်တဲ့ ၁၈ နှစ်မြောက် အမှတ်တရ နေရက်မို့ ဒီနေ့ရက်ကို အထက်ပါ စာစု ကဗျာစုတွေနဲ့ သတိတရ အမှတ်တရ လွမ်းလို့မဝ ဂုဏ်ပြုလိုက်ရပါတယ်။ ။