Home
ဆောင်းပါး
ဦးတင်မောင်ဝင်း (ခရမ်း) ကွယ်လွန် ၃၄ နှစ် ကဗျာ 
မောင်တူး
·
January 19, 2025

သူ့တွက်ကဗျာ၊ ဖွဲ့သီရာဝယ်

ရင်နာသည်းနင့်၊ ခံစားမင့်လည်း

ရေးချင့်စိတ်ကဲ၊ ဂုဏ်ပြုပွဲမို့

ထူးကဲဖွဲ့ဆောင်၊ ဦးတင်မောင်ဝင်း

ကွယ်လွန်ခြင်းရဲ့၊ သုံးဆယ့်လေးနှစ်ကာလ၌။ ။

ဦးတင်မောင်ဝင်း (ခရမ်း) ဟာ ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက်က အင်းစိန်ထောင်မှာ စစ်အာဏာရှင်တွေရဲ့ လက်ချက်နဲ့ ကွယ်လွန်သွားခဲ့ရပါတယ်။ အခု ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၈ ရက်မှာ ပြည်သူလူထုတွေရဲ့ လွတ်လပ်ခွင့်အတွက် သူ အသက်ပေးသွားခဲ့တာ ၃၄ နှစ် ရှိသွားခဲ့ပါပြီ။

ဦးတင်မောင်ဝင်းအတွက် ဆရာတင်မိုးရဲ့ ဂုဏ်ပြုကဗျာ

၃၄ နှစ် သက်တမ်းရှိ ကဗျာလို့ ဆိုရမယ်။ နိုင်ငံကျော် ကဗျာဆရာကြီး ဦးတင်မိုးဟာ ဦးတင်မောင်ဝင်း ကွယ်လွန်တဲ့ ၃၄ နှစ်က ဒီကဗျာကို ရေးခဲ့တာပေါ့။ ဦးတင်မောင်ဝင်းကို ဗိုလ်စောမောင် ခေါင်းဆောင်တဲ့ နဝတ စစ်အာဏာရှင်တွေက ဖမ်းထားချိန်ပေါ့။ အဲ့သည်နေ့က ဆရာတင်မိုးက ဦးတင်မောင်ဝင်းရဲ့ သားသမီးတွေကို စာသွားသင်ပေးနေတုန်း ထောင်အာဏာပိုင်တွေက လာခေါ်တယ်တဲ့။ မိသားစုကလည်း သေသလား၊ ရောဂါပြင်းထန်ပြီး နောက်ဆုံးအချိန် ရောက်နေပြီလား။ စိတ်ပူပြီး အင်းစိန်ထောင်ကို လိုက်သွားကြတော့ ဆရာတင်မိုးကလည်း "ငါပါလိုက်မယ်။" ဆိုပြီး အတူပါသွားတယ်တဲ့။ ဟိုလည်းရောက်ကော ထောင်ပိုင်က "ခင်ဗျားတို့အဖေတော့ ဆုံးပြီ" လို့လည်း ပြောလိုက်ကော သားသမီးတွေက နံရံမှာ ချိတ်ထားတဲ့ ဗိုလ်ချုပ်နေဝင်းပုံကြီးကို တက်ဖြုတ်ပြီး ဒီလူကြီးက ကျမတို့အဖေကို သတ်လိုက်တာလို့အော်ဟစ် သောင်းကျန်းကြတယ်တဲ့။ ဒါကို ဆရာတင်မိုးက ကြုံတိုင်း ပြန်ပြောပြလေ့ရှိပါတယ်။ အဲ့သည်နေ့မှာပဲ ဦးတင်မောင်ဝင်းကို ဂုဏ်ပြုတဲ့ (ခွပ်ဒေါင်းရဲဘော်) ကဗျာကို ရေးဖွဲ့ခဲ့ပါတော့တယ်။

ခွပ်ဒေါင်းရဲဘော်

(ခရမ်း ကိုတင်မောင်ဝင်း သို့ … )

ကြီးမြတ်သော စိတ်ထား

ကြံ့ခိုင်သော မာန်အားနှင့်

သင်ကား ဘဝပြောင်းခဲ့ပြီ။

ကြွေရှာလေ တရွက်နှစ်ရွက်

မြေမှာလေ သက်ခဲ့ရ

ဖြေစရာ အကွက်မမြင်သာ

ရင်နာဖွယ် ကြုံရသည်။

ခွပ်ဒေါင်းအလံ သင်ကိုင်၍

တို့နိုင်ငံ အလင်းရောင်ရစေဖို့

သင့်ဘဝ မြှုပ်ခဲ့သည်

ဇာနည်ကွဲ့ ယောကျ်ား။

ကိုယ်ကျိုးစွန့်၍ သေခြင်းကား

မြင့်မြတ်သော သေခြင်းဖြစ်၍

ထွန်းသစ်သော သင့်ဂုဏ်ရောင်

တို့ခေတ်ကို အလင်းဆောင်လိမ့်

အောင်ပွဲတွေ တသီတတန်းနဲ့

လွမ်းလေသမျှ

ပန်းခွေချ၍ ဂုဏ်ပြုကြလိမ့်တကား။ ။

( တင်မိုး)

(ခရမ်း ကိုတင်မောင်ဝင်း ၁၈-၁-၉၁ နံနက်က ဆုံးသည်)

(ကိုတင်မောင်ဝင်း ဂုဏ်ပြုကဗျာ)

လွန်ခဲ့သော ၁၃ နှစ်က ဦးတင်မောင်ဝင်းအတွက်ကဗျာ

ကဗျာဆရာကြီး ဦးတင်မိုးရဲ့ ၃၄ နှစ် ကဗျာအပြီးမှာ လွန်ခဲ့တဲ့ ၁၃ နှစ်က ကဗျာကိုလည်း ဖော်ပြပါမယ်။ ဒီနေ့ နွေဦးတော်လှန်ရေးကာလမှာတော့ ဦးတင်မောင်ဝင်းတို့ထက် အဆမတန်ဆိုးတဲ့ နှိပ်စက်မှုတွေ ခံနေကြရပါပြီ။ နေ့ခင်း ဖမ်းသွားပြီး ညတွင်းချင်း သေဆုံးသွားတာတွေ။ စစ်ကြောရေးမှာ သေကြရသူတွေဟာ အရမ်းများနေပါပြီ။ ဒီနေရာမှာ အလျဉ်းသင့်လို့ လွန်ခဲ့သော ၁၃ နှစ်အကြာ ဦးတင်မောင်ဝင်း ကွယ်လွန်တဲ့ ၂၁ နှစ်မြောက် ဆွမ်းကျွေးပွဲ ဖိတ်စာပါ ကဗျာလေးကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

ကြာခဲ့ပါပြီ။

နှစ် နှစ်ဆယ်ကာလခရီး

ခါးဆည်းပြီး လျှောက်ခဲ့သည်။

အဖြစ်သနစ်တွေက

နှစ်နှစ်တွေ အခါခါပြောင်းသော်လည်း

အသစ်အသစ်သာ ထင်လာမဟောင်းနိုင်ဘု။

အပင်ကိုချိုင်

အခက်အလက်တွေ ဖြိုင်ဖြိုင်ထွက်သလိုပ

ဖြေရခက်ကြီး။

တခါခံ နှစ်ခါခံ

အသာစံ တကြိမ်ကြုံစမြဲမို့ အားခဲလို့ ရှေ့ကိုဆက်

မျှော်လင့်ချက်ခရီး ။ ။

ဒါကတော့ လွန်ခဲ့သော ၁၃ နှစ် ခရမ်းဦးတင်းမောင်ဝင်းရဲ့ ၂၁ နှစ်မြောက် ကွယ်လွန်နှစ်ပတ်လည် ဆွမ်းကျွေးပွဲ ဖိတ်စာပါ ကဗျာလေး ဖြစ်ပါတယ်။ ကဗျာမှာ ရေးထားခဲ့သလိုပါပဲ။ တခါ နှစ် အခံဘက်က ရှိပြီးရင် အသာစံဖို့ အချိန်ကိုလည်း ရောက်လာတော့မှာပါ။ အခုဆို နွေဦးတော်လှန်ရေးရဲ့ ရောင်နီတွေ တွေ့နေကြရပြီလေ။

သေတော့ဒဏ်ရာ ပြောတော့ကင်ဆာ အာဏာရှင်အလိမ်အညာ

ဦးတင်မောင်ဝင်းရဲ့ ဈာပနမှာ ဇနီးသည် စာရေးဆရာမ (ဒေါ်) ခင်လှိုင်ကြူက ကဗျာလေးတပုဒ် ရေးပြီး ကပ်ထားခဲ့တယ်။ ကဗျာကတော့ တိုတိုလေးပါ။

လူကို သတ်တာ

ကင်ဆာတဲ့လား

ကင်ဆာ ကျဆုံးပါစေ။ ။

ဦးတင်မောင်ဝင်းရဲ့ သက်မဲ့ခန္ဓာကိုယ်ကို မိသားစုက ကြည့်ခွင့်ရခဲ့တယ်။ နံရိုးအပြိုင်းပြိုင်းနဲ့ ဒဏ်ရာ ပရပွနဲ့ တွေ့ခဲ့ မြင်ခဲ့ကြရတယ်တဲ့။ ဒါကိုတောင် ထောင်ဆရာဝန်က ကင်ဆာရောဂါနဲ့ ဆုံးကြောင် ပြောခဲ့တာတဲ့။ ဒါကြောင့် ကင်ဆာကျဆုံးရေး ကဗျာလေး ရေးကပ်ထားခဲ့ပုံရပါတယ်။ တကယ်ဆို ဗိုလ်ချုပ်မှူးကြီး စောမောင်ကိုယ်တိုင်ကတောင် ဦးတင်မောင်ဝင်းရဲ့ အစ်ကို ဗိုလ်မှူးကြီးဇော်ဝင်းကို "ကျနော်တို့ နည်းနည်း လက်လွန်သွားတယ်။ ဆောရီးပဲဗျာ။" လို့ ပြောခဲ့သေးရဲ့ မဟုတ်လား။ စစ်တပ်ထုံးစံပေါ့ အပေါ်ကတော့ "လက်လွန်တာ" အောက်ခြေကတော့ "ကင်ဆာ" အောက်ကဖုံး အပေါ်ကဖော် ကမောက်ကမ စစ်အာဏာရှင်များပေါ့။ ကင်ဆာကဗျာရဲ့ သက်တမ်းကလည်း ၃၄ နှစ် ရှိပါပြီ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်မောင်ဝင်း

ဒေါ်အောင်ဆန်းစုကြည်ကို ဦးတင်မောင်ဝင်းက လေးစားသလို ဦးတင်မောင်ဝင်းကိုလည်း ဒေါ်စုက ယုံကြည် အားကိုးတယ်လို့ ကြားရဖူးပါတယ်။ ဦးတင်မောင်ဝင်းဟာ ၁၉၉၀ ပြည့်နှစ်က NLD ရန်ကုန်တိုင်း တာဝန်ခံပါ။ အတွင်းစကားကြားရတာကတော့ NLD အာဏာရချိန်ဆို ဦးတင်မောင်ဝင်းကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖြစ်လာနိုင်သူပါတဲ့။ အခု ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၈ ရက်ဟာ ခရမ်းဦးတင်မောင်ဝင်း ကွယ်လွန်တဲ့ နှစ် ၃၄ ပြည့်ပါ။ ဒီရက်ရောက်တိုင်း နှစ်ပတ်လည် ဆွမ်းကျွေးပွဲ လုပ်မြဲပါ။ ဦးတင်မောင်ဝင်းရဲ့ ရဲဘော်ရဲဘက်တွေလည်း တက်ရောက်ကြမြဲ ဖြစ်ပါတယ်။ ဒါဟာ ဦးတင်မောင်ဝင်းကို နှစ်စဉ် နှစ်တိုင်း လေးစား ဂုဏ်ပြုကြတာ ဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့ဖူးပါတယ်။

“ကျမ အကျယ်ချုပ် မဟုတ်ဘဲ လွတ်နေတဲ့ အချိန်မှာဆိုရင် ဦးတင်မောင်ဝင်းရဲ့ နှစ်ပတ်လည်တိုင်း လာပါတယ်။ လာတဲ့ အကြောင်းရင်းက ဘာလဲဆိုတော့ ကျမတို့ ရဲဘော်ရဲဘက်တွေ အချင်းချင်းပေါ့နော် ဒီလူ မရှိတော့ရင်တောင်မှ မိသားစုတွေ အချင်းချင်း လက်တွဲသွားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လာကြတာပါ။ တယောက်နဲ့တယောက် တဦးနဲ့တဦး သစ္စာနဲ့ မေတ္တာနဲ့ ထားပြီးတော့ လုပ်လာကြတာပါ။ ဒီလို လုပ်လာလို့လည်းပဲ အခုထိ ကျမတို့ ရပ်တည်နေနိုင်တာပါ။” (ဦးတင်မောင်ဝင်း ကွယ်လွန်တဲ့ ၂၁ နှစ်မြောက်နေ့ ဦးတင်မောင်ဝင်း နေအိမ်မှာ ပြောကြားချက်)

ဦးတင်မောင်ဝင်း (ခရမ်း) ကွယ်လွန် ၃၄ နှစ် ကဗျာများ

"ကဗျာဆိုတာ"

ကဗျာဆိုတာ

လူ့ စဉ်းစားဉာဏ်ရဲ့ ပဲ့တင်သံ။

လူ့ နှလုံးသားရဲ့ ခုန်လှုပ်သံ။

လူ့ စိတ်ဓာတ်ရဲ့ မြည်ဟီးသံ။

လူ့ မျှော်လင့်ချက်ရဲ့ သီကျူးသံ။

ကဗျာဆိုတာ…

ကျွန်မတို့ရဲ့ ရုန်းကန်သံတွေပါပဲ။

အောင်ဆန်းစုကြည်

( ရနံ့သစ် နိုဝင်ဘာ ၂၀၁၁ တွင် ပါရှိတဲ့ မင်းထင်ကိုကိုကြီး ရဲ့ဆောင်းပါးမှ ကူးယူ ဖေါ်ပြပါသည်။)

ဒါဆိုပါလျှင် ကဗျာဆိုတာ မိမိရဲ့ ခံစားချက်ကို ဖော်ပြကြတာပေါ့။ ဒီတော့ နောက်ထပ် ဦးတင်မောင်ဝင်းအတွက် ကဗျာတပုဒ်ကိုလည်း ဖော်ပြလိုက်ရင်း အဆုံးသတ်ကြပါစို့။

ပန်းမျိုးဆက်များ

ပွင့်ရန်အားခဲ ငုံဆဲခိုက်။

ယုတ်မာသိမ်ဖျင်း လေပြင်းတိုက်။

တပွင့်ဇာနည် ကြွေပြီတဲ့။

ကျန်သည့်ပန်းတွေ ငုံနေရဲ့။ ။

(ထိန်လင်း) ၂၃၊ ၇၊ ၂၀၀၁

ဦးတင်မောင်ဝင်းအတွက် မှတ်တမ်းကဗျာ

ဒီကဗျာလေးလိုပါပဲ။ ခရမ်း ဦးတင်မောင်ဝင်း စိုက်ပျိုးခဲ့တဲ့ ရဲရဲတောက် အာဇာနည် ကိုယ်ကြိုးစွန့် စိတ်ဓာတ် ပန်းမျိုးဆက်တွေကတော့ ဆက်ပြီး ဖူး ငုံ ပွင့် လန်း လာနေကြပါပြီ။ ဒါကို ဦးတင်မောင်ဝင်း ကွယ်လွန်ပြီး ၃၄ နှစ် ဒီနေ့ကာလ၊ နွေဦးတော်လှန်ရေး ၄ နှစ်မြောက်ကာလ ပန်းမျိုးဆက် GZ လူငယ်လေးတွေရဲ့ ရဲရဲတောက် တိုက်ပွဲဝင် စိတ်ဓာတ်တွေက သက်သေပြနေကြပါပြီ။ ခွပ်ဒေါင်း အာဇာနည် ဦးတင်မောင်ဝင်း ကွယ်လွန်တဲ့ ၃၄ နှစ်မြောက်မှာ သူလိုစိတ်ဓာတ်မျိုး ပိုင်ရှင် နွေဦးတော်လှန်ရေး တိုက်ပွဲဝင်သူပေါင်း သိန်းသန်းကုဋေချီ ရှိနေပါပြီ။ ဦးတင်မောင်ဝင်း လိုလားတဲ့ စစ်အာဏာရှင် ကျဆုံးတော့မည်။ ဦးတင်မောင်ဝင်းရဲ့ ဆန္ဒဖြစ်တဲ့ လူထုအောင်ပွဲ နီးလာနေပါပြီ။ ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024