Home
ဆောင်းပါး
မာနယ်ပလော သို့မဟုတ် အောင်နိုင်သူတို့ရဲ့ကွင်း
မောင်တူး
·
December 18, 2024
ArticleMaungToo1t_18122024

မာနယ်ပလော၊ အောင်မြေကြောကို

ပျော်မောဘွယ်ရာ၊ ပြန်ရပါပြီ

မြန်ပြည်နွေဦး သပြေဖူးနှင့်တကား။ ။

မာနယ်ပလောရဲ့ အဓိပ္ပာယ်က ဘာလဲ။ ‘မာနယ်’ ဆိုတာ အနိုင်ရတာတဲ့။ ‘ပလော’ ကတော့ တိုက်ပွဲဝင်ကွင်း၊ နှစ်ဖက်တိုက်တဲ့ကွင်းလို့ အဓိပ္ပာယ်ရတယ်။ ကျနော်ကတော့ ‘အောင်နိုင်သူတို့ရဲ့ကွင်း’ လို့ ဘာသာပြန်လိုက်ပါတယ်။ နှစ်ပေါင်း ၃၀ ကြာ စစ်အာဏာရှင်လက်အောက်ကို ရောက်ရှိနေတဲ့ မာနယ်ပလောတပ်ပေါင်းစု ဌာနချုပ်စခန်းကြီးဟာ နွေဦးတော်လှန်ရေးကြီးရဲ့ လှိုင်းလုံးကြီးနဲ့ အတူသာပဲ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက် မွန်းလွဲ ၂ နာရီမှာ ပြန်ရခဲ့ပြီ။

မာနယ်ပလော (မၤနၢၤပျီ Manerplaw) ဟာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်မှာ တည်ရှိတဲ့ ရွာတရွာပါ။ ကရင်လူမျိုးတွေ အုပ်ချုပ်တဲ့ လွတ်လပ်သောပြည်နယ် ကော့သူးလေရဲ့ မြို့တော်အဖြစ် အဆိုပြုခဲ့ကြတာပါ။ မာနယ်ပလောကို ၁၉၇၅ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ၁၉၉၅ ခုနှစ်က နဝတ စစ်တပ် တိုက်စစ်ကြောင့် စွန့်ခွာခဲ့ကြတာပါ။ နှစ်ပေါင်း ၃၀ အကြာမှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြတာပါ။

မစွန့်ပစ်ခဲ့ခင်က မာနယ်ပလောတပ်ပေါင်းစု ဌာနချုပ်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS)၊ အမျိုးသားဒီမိုကရေစီအင်အားစု (NDF)၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)၊ ရဟန်းပျိုသမဂ္ဂ (ABYMU) အပါအဝင် အတိုက်အခံအဖွဲ့အစည်းတွေရဲ့ ဌာနချုပ် ဖြစ်ခဲ့သလို ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)ကို စတင်သန္ဓေတည်စေခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။ တပ်ပေါင်းစုဌာနချုပ် မာနယ်ပလောစခန်းကို နဝတ စစ်တပ်နဲ့ ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် (DKBA) တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး  ၁၉၉၅ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။ 

အခု နှစ် ၃၀ လောက်အကြာ  ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းမှာ မာနယ်ပလောစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးစီးတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့  DVB မှာ ဖော်ပြထားပါတယ်။

ရင်းနှီးခဲ့ဖူးတဲ့ မာနယ်ပလော

ကေအန်ယူဌာနချုပ်

လောကွားလူ ကျောင်းသားကုန်း

အရှင်ခေမာစာရ ရဟန်းပျိုကုန်း

ဒေါ်အောင်ဆန်းစုကြည်လမ်း

Give me liberty or death ဆိုင်းဘုတ်

ကိုမြင့်ဇော်နဲ့ လူ့ဘောင်သစ်ဌာနချုပ်

အဘဦးတင်အောင်တို့ NLD ရုံး

စစ်ရေးပြကွင်း ခရစ္စမတ်ပွဲကွင်း

စသည် စသည် ပြန်မြင်ယောင်ဝေဝါး

ဟိုတုန်းက မာနယ်ပလောတဲ့လား။ ။

ကျနော်တို့က ဒေါင်းခွင်ကို ပြောင်းရတယ်။ ပထမ မာနယ်ပလော လောကွားလူမှာ ABSDF ဌာနချုပ်။ နောက်ပိုင်း ဒေါင်းခွင် ပြောင်းကြပြီးတဲ့နောက်လည်း မာနယ်ပလောကို ရောက်ရောက်နေတာပါပဲ။ ပြောစရာတွေများလှပေမဲ့ မာနယ်ပလော ကျသွားချိန် အကြောင်းလေးကို အရင် ပြောချင်ပါတယ်။ ဒါကလည်း အဲ့သည် မာနယ်ပလော ကျချိန်မှာ ကျနော်တို့ ကျောင်းသားတပ်မတော်ဌာနချုပ် ဒေါင်းခွင်ကလည်း ၁၉၉၄ ဒီဇင်ဘာလကုန်ကတည်းက ဆုတ်ခွာခဲ့ပြီးပြီမို့ ကျနော်က မာနယ်ပလောနဲ့ ဝေးနေချိန်ပေါ့။ အဲသည်ကာလမှာ KNU မှာ ဘာသာရေးပြဿနာ ဖြစ်တယ်။ DKBA ခွဲထွက်သွားတယ်။ DKBA နဲ့ နအဖ စစ်အာဏာရှင်တွေ ပေါင်းတိုက်တော့ မာနယ်ပလော ကျခဲ့ရတာပေါ့။ အဲသည်အချိန် မာနယ်ပလောမှာ ရှိနေခဲ့တဲ့ ကျောင်းသားတပ်မှူးတဦးဖြစ်သူ ဦးချိန်က ကျနော့်ကို ဗိုလ်ချုပ်ကြီးစောဘိုမြ အကြောင်း ပြန်ပြောပြခဲ့ပါတယ်။ ဘုန်းကြီးရမ်ဘိုကျောင်း ပထမဆုံးစ မီးလောင်ပြီး စစ်ရုံးတွေ၊ ဌာနချုပ်တွေ တခုပြီးတခု နောက်ပိုင်း ဆက်တိုက် မီးလောင်ကုန်တာလည်း ပါတာပေါ့။ အဲသည်အချိန်မှာ ABSDF ဗဟိုကော်မတီတဦးနဲ့ ဆက်သွယ်ရေး မိသားစု ၇ ယောက်လောက်လည်း မာနယ်ပလောမှာ ပိတ်မိနေခဲ့တာတဲ့။

စစ်ရှုံးတာ မဟုတ်ဘူး၊ မြေရှုံးတာသာဖြစ်တယ် (ဗိုလ်ချုပ်ကြီးစောဘိုမြ)

မာနယ်ပ‌လောကနေ ဆုတ်ခွာကြတော့ ကရင်ရဲဘော်တွေဟာ ဒေါသထွက်ကြတယ်တဲ့။ ဝမ်းနည်းကြတယ်တဲ့။ အဲသည် ကရင်ရဲဘော်တွေကိုစုပြီး KNU ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီး စောဘိုမြက မိန့်ခွန်းပြောတယ်တဲ့။ (“ရဲဘော်တို့ ဘာမှအားမငယ်ကြနဲ့။ ငါတို့ စစ်ရှုံးတာ မဟုတ်ဘူးကွ။ ခေတ္တခဏ မာနယ်ပလောမြေကို ဆုံးရှုံးသွားတာ။ နောက် ပြန်တိုက်ယူလို့ရတယ်။ ပြန်ကြိုးစားကြမယ်။ တို့စိတ်ထဲမှာ စစ်အာဏာရှင်ကို နိုင်အောင် ဆက်တိုက်သွားမယ်ဆိုတဲ့ စိတ်ရှိနေမယ်။ ညီညွတ်ကြမယ်။ စည်းလုံးကြမယ်ဆိုရင် တို့တော်လှန်ရေး အောင်ရမယ်။ မာနယ်ပလောကိုလည်း ပြန်သိမ်းနိုင်ရမယ်။”) ဆိုပြီး ပြောခဲ့တာတဲ့။ ဗိုလ်ချုပ်ကြီးစောဘိုမြကတော့ ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က ကွယ်လွန်ခဲ့ပါပြီ။ ဒါပေမဲ့ သူ ပြောခဲ့သလိုပဲ မဆုတ်မနစ် ဆက်လက်တိုက်ပွဲဝင်နေဦးမယ်ဆိုရင် ပြန်ရရမယ်ဆိုတဲ့ မာနယ်ပလော တပ်ပေါင်းစု စခန်းကြီးကိုတော့ ပြန်ရခဲ့ပါပြီ။

မာနယ်ပလောကို ပြန်ရလို့ စိတ်အားတက်လာကြရတယ်

အမေရိကန်ကို ရောက်နေတဲ့ ABSDF ရဲဘော်ဟောင်းကြီး ဆရာကျော်ဆွေက ဖုန်းဆက်လာတယ်။ မာနယ်ပလော ပြန်ရတာ ဝမ်းသာလွန်းလို့ အိပ်တောင် မအိပ်ချင်တော့ဘူးတဲ့။ ဟုတ်တယ်။ မာနယ်ပလောမှာ သင်တန်းတွေ တက်ခဲ့ကြတယ်။ ၈၈၈၈ ပွဲတွေ၊ တော်လှန်ရေးနေ့ပွဲတွေ၊ 7 July ပွဲတွေ စတဲ့ စတဲ့ ပွဲတွေလုပ်ခဲ့ကြတယ်။ အဲသည်အချိန်က ပြည်တွင်းမှာ မလုပ်နိုင်တာတွေကို မာနယ်ပလောမှာ လုပ်ခဲ့ကြတာပေါ့။ ဒီမိုကရေစီ စစ်ဌာနချုပ်ကြီး၊ နိုင်ငံရေးဌာနချုပ်ကြီး ဖြစ်နေတဲ့ မာနယ်ပလောကို သန်းရွှေ၊ ခင်ညွန့် စစ်အုပ်စုကလည်း ဖြိုခွဲချင်နေခဲ့တာပေါ့။ ဒါပေမဲ့ ပထဝီအနေအထားအရ တိုက်ဖို့မလွယ်ကူခဲ့ဘူးလေ။ ဒါကြောင့် ဘာသာရေးအရ သပ်လျှိုပြီး KNU ကနေ DKBA ကို ခွဲထုတ်ပြီး အကြံပက်စက်ခဲ့ကြတယ်။ ဒါပေမဲ့လည်း အခု နှစ် ၃၀ အကြာ မာနယ်ပလောကို ပြန်သိမ်းနိုင်ခဲ့ပါပြီ။ လူမျိုးရေး ဘာသာရေး ဘာရေး ညာရေး ဂျင်းအမျိုးမျိုးထည့်ပြီး အိမ်ကြက်ချင်း အိုးမည်းသုတ် ခွပ်ခိုင်းတဲ့ စစ်အာဏာရှင်တွေဟာ အောက်လမ်းနည်းတွေ ဆက်သုံးလို့ မရတော့ပါဘူး။ အခု မာနယ်ပလော ပြန်လည်သိမ်းခဲ့မှုက သက်သေပြနေပါပြီ။ မာနယ်ပလောသည် အောင်မြေ။ အောင်မြေကို ပြန်သိမ်းပြီ။ အားလုံး စိတ်ခွန်အားတက်ကြရပြီပေါ့။

မာနယ်ပလောအောင်ပွဲမှသည် တပြည်လုံး အောင်ပွဲသို့

တကယ်တော့ စစ်ကောင်စီဟာ ကရင်ပြည်နယ် မာနယ်ပလော စခန်းတခုတည်းသာ ဆုံးရှုံးရတာ မဟုတ်ပါ။ ရခိုင်ပြည်နယ်မှာဆိုရင် ပြည်နယ်တခုလုံးကို သိမ်းဖို့ သိပ်မကြာတော့ဘူးလို့ ပြောနေကြပါပြီ။ ကချင်ပြည်နယ်မှာလည်း KIA က စစ်ကောင်စီစခန်းတွေကို သိမ်းပြီးရင်း သိမ်းနေချိန်ပေါ့။ ကရင်နီ (ကယား)၊ ချင်း၊ ပလောင်၊ ကိုးကန့် ပအိုးဝ် စသဖြင့် နယ်မြေအသီးသီးမှာလည်း စစ်ကောင်စီတပ်တွေက မရှုမလှပါ။ ပြောရရင်တော့ တပြည်လုံးမှာပါပဲ။ တပ်ရင်းမှူးတွေ ထွက်ပြေးတာ၊ တပ်ရင်းမှူးတွေ ဖမ်းမိတာတွေကတော့ ရိုးနေပါပြီ။ ဗိုလ်မှူးချုပ်အဆင့်တွေတောင် နောက်ကျတဲ့ခြေထောက် သစ္စာဖောက် ဆိုတာကို လက်ခံနေကြပြီပေါ့။ မြို့တမြို့မှာ ဖမ်းမိစစ်သားတဦးရဲ့ ပြောပြသံကိုပဲ နားထောင်ကြည့်ပါ။

“ကျနော်တို့က ပြေးဖို့ပဲ ပြင်နေကြတာ၊ ခံတိုက်ဖို့ မရှိဘူး။ PDF တွေ တိုင်းရင်းသားတပ်တွေက သေနတ်သံ ကြားတာနဲ့ ပြေးဖို့ ပြင်နေကြပြီ။ အလံဖြူထောင်ဖို့ အသင့်လုပ်ထားတာ” တဲ့။ သူ့စကားသာ နားထောင်ကြည့်ပေတော့။

ဒီတော့ မာနယ်ပလောလို စခန်သိမ်း အောင်ပွဲမျိုးတွေက နောက်ထပ်အများကြီး ထပ်ရှိလာဦးမယ်ဆိုတာ သေချာနေပါပြီ။ မာနယ်ပလော ဆိုတဲ့ ကရင်ဘာသာစကားကို မြန်မာလိုပြန်ရင် အောင်နိုင်သူတို့ရဲ့ကွင်း လို့ အဓိပ္ပာယ်ရပါတယ်။ နွေဦးတော်လှန်ရေး အောင်နိုင်သူတို့ရဲ့ကွင်းတွေ မြန်မာတပြည်လုံးမှာ ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။ ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013