
ဒလိုင်းလားမားက မှန်ကန်တဲ့လမ်းကြောင်းဆီ ပြန်လာနိုင်ဖို့ မျှော်လင့်တယ်၊ သတ်မှတ်စည်းကမ်းချက်တချို့ ပြည့်မီသရွေ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုးကျားခွန်းက “အမိနိုင်ငံကနေ ခွဲထွက်မယ့် အနေအထားကို စွန့်လွှတ်ထားသရွေ့ ဒလိုင်းလားမားရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ တရုတ်နိုင်ငံက လမ်းဖွင့်ထားပါတယ်” လို့ ပြောပါတယ်။
တိဘက်လူမျိုး ဘာသာရေးခေါင်းဆောင်ရဲ့ အစ်ကိုဖြစ်သူ ဂီယာလို သွန်ဒပ် ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချိန်မှာ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ခုလိုပြောခဲ့တာပါ။
ဒလိုင်းလားမားရဲ့ အစ်ကိုဟာ အရင်က ဒလိုင်းလားမားရဲ့ တရားဝင်မဟုတ်တဲ့ သံတမန်အဖြစ် တရုတ်အရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ဖူးပါတယ်။
သူဟာ ၉၇ နှစ်အရွယ်မှာ အိန္ဒိယနိုင်ငံ ကာလင်မ်ပွန်က အိမ်မှာ ဖေဖော်ဝါရီ ၈ ရက်က ကွယ်လွန်ခဲ့ပါတယ်။
အခုနှစ်မှာ အသက် ၉၀ ပြည့်တဲ့ ဒလိုင်းလားမားဟာ ၁၉၅၉ ခုနှစ်မှာ တရုတ်အုပ်ချုပ်မှုကို ဆန့်ကျင်ရင်း တိဘက်ပြည်ကနေ အိန္ဒိယကို ထွက်ပြေးခဲ့ရသူပါ။ မသေဆုံးမီ တိဘက်ကို ပြန်သွားချင်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။
ဒလိုင်းလားမားဟာ ၂၀၁၁ ခုနှစ်မှာ တရုတ်ပြည်မကြီးအစိုးရက အသိအမှတ်မပြုတဲ့ ပြည်ပရောက် တိဘက်အစိုးရရဲ့ နိုင်ငံရေးခေါင်းဆောင် ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက သူ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ တရားဝင်ဆွေးနွေးမှုတွေ ရပ်တန့်သွားခဲ့ပါတယ်။
Source : Reuters