
တရုတ်နိုင်ငံအနောက်တောင်ပိုင်း၊ စီချွမ်ပြည်နယ်၊ ကျွန်းလျန်ခရိုင်က ရွာတရွာမှာ မြေပြိုအပြီး ရှင်သန်ကျန်ရစ်သူတွေကို ရှာဖို့ ကယ်ဆယ်ရေးသမားတွေ အပူတပြင်း ကြိုးစားနေပါတယ်။
စနေနေ့က မြေပြိုမှုကြောင့် လူတယောက်သေ၊ ၂ ယောက် ဒဏ်ရာရထားပြီး တခြားလူ ၂၈ ယောက်ထက်မနည်း ပျောက်ဆုံးနေတာပါ။
စနေနေ့ မနက် ၁၁ နာရီ မိနစ် ၅၀ မှာ ယီပင်းမြို့ ကျင်းပင်ရွာမှာ မြေပြိုခဲ့တာပါ။ အာဏာပိုင်တွေက ရှာဖွေကယ်ဆယ်ရေးမှာ အထောက်အကူပြုဖို့ ရေဒါစနစ်တွေနဲ့ မြေတူးစက်တွေ အပါအဝင် အဆင့်မြင့် ပစ္စည်းကိရိယာတွေနဲ့အတူ ကယ်ဆယ်ရေးအဖွဲ့ဝင် အယောက် ၉၀၀ ကျော်ကို စေလွှတ် တာဝန်ချထားပါတယ်။
အလျား ၁ ကီလိုမီတာ အရှည်လောက်အထိ မြေပြိုခဲ့ပြီး မတည်ငြိမ်တဲ့ လျှောစောင်းတလျှောက် ကျောက်တုံးတွေ ပြိုကျလာနေဆဲ ဖြစ်တာမို့ နောက်ထပ် မြေပြိုမယ့်ဘေးတွေ ဆက်ပြီး ရှိနေပါတယ်။
ရှင်သန်ကျန်ရစ်သူတွေကို ရှာဖို့ ကယ်ဆယ်ရေးသမားတွေက ကတိပြုထားပါတယ်။ တဘက်မှာလည်း နောက်တကျော့ ကပ်ဘေးသင့်နိုင်ခြေကို ဟန့်တားရင်းဖို့နဲ့ ဖြစ်နိုင်တဲ့ အန္တရာယ်တွေကို အသိပေးနေပါတယ်။
အရေးပေါ်ကယ်ဆယ်ရေး လမ်းကြောင်းအတွက် မြေတူးနေပါတယ်၊ ရာသီဥတုက မျက်နှာသာ မပေးလို့ အန္တရာယ်အလားအလာတွေ ရှိနေတယ်၊ မြေသားတည်ငြိမ်မှုကို စောင့်ကြည့်ဖို့ သုံးဘက်မြင် လေဆာစကင်နာနဲ့ လျှောစက်ရေဒါကို သုံးနေတယ်လို့ တရုတ် အန်းနန် ဆောက်လုပ်ရေးလုပ်ငန်းစုရဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင် ဖုန့် ဝေကျဲက ပြောပါတယ်။
ကပ်ဘေးသင့်ဒေသမှာ ကွန်ရက်လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ တယ်လီကွန် လုပ်ငန်းရှင်တွေက ပစ္စည်းကိရိယာတွေကို နေရာချထားပေးခဲ့ပါတယ်။
ကျွန်းလျန်ခရိုင်မှာ မြေပြိုအပြီး ကယ်ဆယ်ရေးကားတွေအတွက် လွတ်လွတ်လပ်လပ် သွားလာနိုင်ရေး သေချာစေဖို့ အရေးပေါ် လမ်းကြော ၂၄၇ ခုကို ဖွင့်ပေးခဲ့တယ်၊ ကပ်ဘေးသင့်ဒေသအတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေကို အခမဲ့ ပံ့ပိုးပေးခဲ့တယ်လို့ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
Source : Reuters