Home
မြန်မာသတင်း
ကလေးငယ် ၄၈ ဦးကို အဓမ္မပြုကျင့်ခဲ့ဟု ကျောင်းအုပ်ကြီး ဝန်ခံထွက်ဆို
DVB
·
February 10, 2025

အရွယ်မရောက်သေးတဲ့ ကျောင်းသား ၁၇ ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ ကျောင်းအုပ်ကြီးကို ရဲတွေက ပြီးခဲ့တဲ့ ဇန်နဝါရီ  ၂၄ ရက်က စစ်ဆေးတဲ့အခါမှာ ကလေးငယ်စုစုပေါင်း ၄၈ ယောက်ကို အဓမ္မပြုကျင့်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုခဲ့ပါတယ်။

အဓမ္မပြုကျင့်မှု ဖြစ်ခဲ့တဲ့ ပဲခူးမြို့ မုက္ကလကျေးရွာ အလယ်တန်းကျောင်းခွဲက ကျောင်းအုပ်ဆရာကြီး ဦးသက်ဇော်အောင်ကို  ရဲတွေက စစ်ဆေးတဲ့အခါမှာ သူကိုယ်တိုင် ထွက်ဆိုခဲ့တာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

“သတင်းကပြန့်သွားပြီး ကျောင်းကို စစ်ဆေးရေးတွေ ဝင်မှ ကလေးတွေ အမူအရာပျက်နေတာ ငိုနေတာတွေ တွေ့လို့ ရဲဘက်က ထပ်စစ်ဆေးတာ၊  သူ rape လုပ်ခဲ့တာ ၄၈ ယောက်လို့ ထွက်ချက်ပေးတယ်၊ ဇန်နဝါရီ ၂၃ ရက်နေ့က ၁၇ ယောက်၊ ၂၄ ရက်နေ့မှာ ၃၁ ယောက်။”

ပဲခူးမြို့ မုက္ကလကျေးရွာ အလယ်တန်းကျောင်းခွဲမှာ ဇန်နဝါရီ ၁၅ ရက်နဲ့ ၁၆ ရက်က ကျောင်းအုပ်ဆရာကြီးက လေးတန်းကျောင်းသားတဦးကို အဓမ္မပြုကျင်ခဲ့တဲ့ ကိစ္စနဲ့ မိဘတွေက ရဲစခန်းကို တိုင်ကြားခဲ့လို့ ကျောင်းအုပ်ကြီးကို ရဲတွေက ဖမ်းဆီးခဲ့တာပါ။

ကျောင်းသားမိဘတွေဘက်က ပြစ်မှုနဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်ရရှိရေးအတွက် စုပေါင်း ဆောင်ရွက်သွားဖို့ စီစဥ်နေကြပေမဲ့ မြို့နယ်ပညာရေးမှူးရုံးဘက်က တိုင်းပညာရေးဦးစီးဌာနကို ဖြစ်စဥ်တခုအနေနဲ့သာ တင်ပြထားတယ်လို့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။

“သာမန်ဖြစ်စဥ် မဟုတ်ဘူး။ ကလေးတွေ အစုလိုက်အပြုံလိုက် rape လုပ်ခံရတာ၊ တိုင်းကို စာတင်နေရုံနဲ့မပြီးဘူး၊ တိုင်းပညာရေးမှူးကိုယ်တိုင် ဆင်းပြီး လုပ်ရမှာ။ အခုလုပ်ရပ်ဟာ ပညာရေးလောကကို စော်ကားသလိုပဲ။” 

စစ်တပ် အာဏာသိမ်းပြီး မြန်မာနိုင်ငံအတွင်းမှာ ၂၀၂၁ ကနေ၂၀၂၃ ခုအထိ ဖြစ်ခဲ့တဲ့ မုဒိမ်းမှုပေါင်း ၁၂၆၀ ရှိပြီး အဲဒီထဲမှာ သက်ငယ်မုဒိမ်းမှု က ၇၂၂ မှု ပါဝင်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013