
မြန်မာပြည်ဟာ လုံးဝပြိုကွဲနေပါပြီ။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း၊ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ ရက်စက်ယုတ်မာမှုတွေ၊ လူထောင်ပေါင်းများစွာ အသက်ဆုံးရှုံးရမှုတွေ၊ လူ ၂ သန်းကျော် နေရပ်စွန့်ခွာရမှုတွေနဲ့အတူ တိုင်းပြည်ဟာ အညှာတာကင်းတဲ့ ကပ်ဆိုးကြီးထဲ ကျရောက်သွားခဲ့ပါတယ်။ ဒီမိုကရေစီကို ဖျက်ဆီးဖို့ ကြိုးစားတဲ့အနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်ချုပ်ချယ်သူ စစ်အုပ်စုဟာ ဒီမိုကရေစီအဖွဲ့အစည်းတွေကို စနစ်တကျ ဖျက်ဆီးရုံသာမကဘဲ ရွေးကောက်ခံ ခေါင်းဆောင်တွေဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ အစိုးရအဖွဲ့ဝန်ကြီးတွေနဲ့ နိုင်ငံရေးအကျဉ်းသား ၂၁,၀၀၀ ကျော်ကို ဖမ်းဆီးထောင်ချထားခဲ့ပါတယ်။
ဒါပေမဲ့ ဒီလောက်ထွန့်ထွန့်လူးဖြစ်နေတဲ့ အခင်းအကျင်းကြီးရဲ့ ကြောက်မက်ဖွယ် အခြေအနေမှာတောင်မှ ဝေဖန်သူတွေဟာ ဒီအဖြစ်ဆိုးကို အဓိက ပုံဖော်ခဲ့တဲ့ ဗိသုကာတွေဖြစ်တဲ့ စစ်အုပ်စုကို မဟုတ်ဘဲ သူတို့ရဲ့ အထင်ရှားဆုံး သားကောင်ကိုပဲ ပစ်မှတ်ထားဖို့ ရွေးခဲ့ကြပါတယ်။
ဘန်နီဒစ်ရော်ဂျာစ်ရဲ့ "ကမ္ဘာက ဒေါ်အောင်ဆန်းစုကြည်အပေါ် တိတ်ဆိတ်နေမှုကို အဆုံးသတ်ရမယ် ( The world must end its silence on Aung San Suu Kyi )" ဆိုတဲ့ (Union of Catholic Asian News၊ ဇန်နဝါရီ ၁၇၊ ၂၀၂၅) မှာ မကြာခင်ကရေးခဲ့တဲ့ ဆောင်းပါးတပုဒ်မှာ ပုံဖျက်ထားတဲ့ တဝက်တပျက်အမှန်တရားတွေကို မျက်နှာသာပေးထားပါတယ်။ သဘောရိုးနဲ့လို့ ရော်ဂျာစ်က ဆိုထားပေမဲ့၊ ဒေါ်အောင်ဆန်းစုကြည်ကို သူအမြဲတမ်း ဆန့်ကျင်နေခဲ့တဲ့ စစ်အုပ်စုက ဖန်တီးထုတ်လုပ်ထားတဲ့ ဒုက္ခထဲမှာ ဗီလိန်တယောက်အဖြစ် ပုံဖော်ထားပါတယ်။
ဒါဟာ သတင်းစာပညာ မဟုတ်ပါဘူး - အကျဉ်းထောင်ထဲမှာ ၁၉ နှစ်ကြာ ထောင်ကျနေပြီး လက်ရှိမှာ တယောက်တည်း အကျဉ်းချခံထားရတာ ၄ နှစ်ပြည့်တော့မယ့် အမျိုးသမီးတယောက်ကို လောင်တိုက်ပေါ်တင် မီးရှို့ပြီး၊ ဒါကြီးက တရားမျှတမှုလို့ ခေါ်နေတာပါပဲ။
ပင်မရေစီးကြောင်းထဲက သတင်းမီဒီယာတွေက မြန်မာပြည်ကို "မေ့လျော့ခံထားရတဲ့ တိုင်းပြည်" လို့ သုံးနှုန်းနေကြပေမဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာက The Independent က ထုတ်လွှင့်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်မှာတော့ မေ့လျော့ခံထားရတာ မဟုတ်ဘဲ တမင်တကာ လျစ်လျူရှုခံထားရတဲ့ နိုင်ငံတနိုင်ငံလို့ ဖော်ပြထားပါတယ်။ တချို့ကတော့ "ဗမာပြည်ရဲ့ တခုတည်းသော ဒီမိုကရေစီ မျှော်လင့်ချက်" ကျဆုံးသွားတာကို ဝမ်းနည်းကြပြီးတော့၊ ဒေါ်အောင်ဆန်းစုကြည်ကို သူတော်စင် တပါးလို ကျိုးကြောင်းမဆီလျော်စွာမျှော်လင့်ခဲ့ကြပြီး၊ တကယ့်နိုင်ငံရေးကြောင့် စွန်ထင်းသွားရချိန်မှာတော့ စွန့်ပစ်ခဲ့ကြသူတွေရဲ့ သစ္စာဖောက်မှုလို့ မြည်တမ်းကြပါတယ်။
"အခုဆိုရင် ကျနော်နဲ့ စကားပြောတဲ့ သတင်းထောက်တချို့က ကျနော့်အမေအကြောင်း သူတို့မှားခဲ့တာကို ဝန်ခံလာကြပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်မ်အဲရစ်က "Cancelled" မှတ်တမ်းရုပ်ရှင် မထွက်ခင် ပြောပြခဲ့ပါတယ်။
Care International လို အဖွဲ့အစည်းတွေရဲ့ သုတေသနတွေအရ အနောက်နိုင်ငံတွေရဲ့ သတင်းပို့ချက်တွေ၊ ဆိုးရွားလာတဲ့ ဘာသာရေး ပဋိပက္ခတွေနဲ့ တိုးပွားလာတဲ့ အမျိုးသားရေး ဝါဒတွေကြား ဆက်စပ်မှုကို ရှင်းရှင်းလင်းလင်း တွေ့ရပါတယ်။ မှတ်တမ်းရုပ်ရှင်ထဲမှာ မြန်မာပြည်ဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်း ဆာဂျွန်ဂျင်းကင်းစ်က ရှင်းပြထားသလိုပဲ၊ ရိုဟင်ဂျာ အကျပ်အတည်းကာလမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ "နိုင်ငံတကာမိတ်ဆွေတွေ"က သူ့ကို စွန့်ပစ်လိုက်တာကြောင့် စစ်တပ်က ၂၀၂၁ အာဏာသိမ်းမှုကို လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
သည်ဟိတ်မှာ ခုခံခြင်း - ချောက်ကမ်းပါးပေါ် ကြိုးတန်းလျှောက်မှု
၂၀၁၉ တုန်းက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာပြည်ကို ကာကွယ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ဆောင်ချက်ကို “စစ်တပ်ကို ကာကွယ်တာ” နဲ့ “လူမျိုးတုံး သတ်ဖြတ်မှုဘက်က ရှေ့နေလိုက်သူ” ဆိုပြီး သတ်မှတ်တာဟာ တော်တော်ကို အရေးမပါ အဓိပ္ပာယ်မရှိတဲ့ ကိစ္စပါ။ သူ့အနေနဲ့ ပြည်တွင်းတရားရေးစီရင်ရေးကို စွန့်လွှတ်ပြီး နိုင်ငံတကာ ဝင်ရောက်စွက်ဖက်မှုကို လက်ခံပေးလိုက်ရင် ပိုဆိုးသွားမယ့်အချိန်မှာ သူ့နိုင်ငံအတွက် သိမ်မွေ့တဲ့ ဥပဒေရေးရာနဲ့ သံတမန်ရေးရာ ချေပမှုကို လုပ်ဆောင်ခဲ့ရတာသာ ဖြစ်ပါတယ်။
နိုင်ငံတကာ လေ့လာသူတွေဟာ လူမျိုးဘာသာရေး ပဋိပက္ခကို လူ့အသိုက်အဝန်းတွေကြားက ပဋိပက္ခတခုအနေနဲ့ ရှုမြင်ဖို့ ခက်ခဲခဲ့ကြပြီး၊ ဗုဒ္ဓဘာသာဝင်တွေ ဒါမှမဟုတ် မွတ်စလင် အသိုက်အဝန်းတွေကို ရှုတ်ချတာဟာ မီးလောင်ရာလေပင့်သလိုဖြစ်မယ်ဆိုတဲ့ အမှန်တရားကို လျစ်လျူရှုခဲ့ကြပါတယ်။ ICJ မှာ ဒေါ်အောင်ဆန်းစုကြည်က “မြန်မာနိုင်ငံဟာ ရခိုင်ပြည်နယ်မှာ ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လုံးဝသည်းခံမှာ မဟုတ်ပါဘူး။ အဲဒီမှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတာ တွေ့ရှိရရင် စစ်တပ်ကို တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်” လို့ ထွက်ဆိုခဲ့ပါတယ်။
ဒီထွက်ဆိုချက်တွေဟာ ရက်စက်ကြမ်းကြုတ်မှုတွေကို ငြင်းပယ်တာ မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှုတွေကို အသိအမှတ်ပြုတာ ဖြစ်ပါတယ်။ သည်ဟိတ်ခ် တရားရုံးမှာ ထွက်ဆိုမှုဟာ ပူးပေါင်းပါဝင်မှု မဟုတ်ပဲ ရှင်သန်ရပ်တည်ရေးအတွက် လုပ်ဆောင်ချက်တခု ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ပူးပေါင်းကြံစည်သူလို့ သတ်မှတ်တာဟာ သူ့အစိုးရအပေါ် စစ်တပ်က အသက်ရှူကျပ်လောက်အောင် ချုပ်ကိုင်ထားမှုကို လျစ်လျူရှုတာလည်းဖြစ်ပါတယ်။
အာဏာခွဲဝေမှုကို “ပူးပေါင်းကြံစည်မှု”လို့ သတ်မှတ်ခြင်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအတွေးအခေါ်ဟာ တွေ့ဆုံဆွေးနွေးမှုနဲ့ အပြန်အလှန် မရှုတ်ချရေးကနေတဆင့် ငြိမ်းချမ်းရေးရရှိဖို့ အလေးပေးခဲ့ပါတယ်။ ဒီချဉ်းကပ်မှုဟာ အခြား တဖက်ကို ခွဲခြားပိုင်းကန့်တတ်တဲ့၊ မကောင်းဆိုးဝါးလို သရုပ်ဖော်တတ်တဲ့၊ လက်တုံ့ပြန်တတ်တဲ့ ကမ္ဘာကြီးထဲမှာ ရှားပါးတဲ့ မဟာဗျူဟာတခု ဖြစ်ပါတယ်။ ပူးပေါင်းကြံစည်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်ရွယ်မှုတွေကို ငြင်းပယ်တာဖြစ်သလို စစ်တပ်ရဲ့ ထိန်းချုပ်ရေးလက်နက်ဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပကတိအရှိတရားကို ငြင်းပယ်တာ ဖြစ်ပါတယ်။ စစ်တပ်ကို ဖျက်သိမ်းဖို့ဆိုတာ ဘယ်တုန်းကမှ ရွေးချယ်လို့ရတဲ့ ကိစ္စ တခုမဖြစ်ခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဆက်ခံရတဲ့ စနစ်ဟာ အရပ်သား ထိန်းချုပ်မှုကို နှောင့်ယှက်ဟန့်တားဖို့ ရည်ရွယ်ဖန်တီးထားတာမို့ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရေးကသာ တခုတည်းသော လက်တွေ့ကျတဲ့ လမ်းကြောင်း ဖြစ်ခဲ့ပါတယ်။
စစ်အုပ်စုရဲ့ အာဏာကို မဖျက်သိမ်းနိုင်ခဲ့လို့ ဒေါ်စုကို အပြစ်တင်တဲ့ ဝေဖန်သူတွေဟာ အရေးကြီးတဲ့ အချက်တခုကို မြင်မိဟန် မရှိပါဘူး၊ စစ်တပ်ကို ဖျက်သိမ်းဖို့ဆိုတာ ဘယ်တုန်းကမှ ရွေးချယ်လို့ရတဲ့ ကိစ္စ တခုမဖြစ်ခဲ့ပါဘူး။ တကယ့်မေးခွန်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာကြောင့် စစ်အုပ်စုကို မဖျက်သိမ်းနိုင်ခဲ့သလဲ ဆိုတာ မဟုတ်ဘဲ၊ ဝေဖန်သူတွေက ဘာကြောင့် စစ်တပ်ရဲ့ ရာဇဝတ်မှုတွေအတွက် အပြစ်ကို သူ့အပေါ် လွှဲချချင်ကြတာလဲ ဆိုတာပဲဖြစ်ပါတယ်။
ARSA အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ကိုဖီအာနန် ကော်မရှင် - အဆင်ပြေသလို ချန်လှပ်ထားခြင်း
ရခိုင်ပြည်နယ် အကျပ်အတည်းကာလအတွင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို လေ့လာသုံးသပ်တဲ့အခါ ရက်စက်ကြမ်းကြုတ်တဲ့ အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော် (ARSA) ရဲ့ တိုက်ခိုက်မှုတွေကို ချန်လှပ်ထားတာကတော့ မပြည့်စုံတာ မဟုတ်ဘဲ တမင်တကာ လမ်းလွဲစေတာ ဖြစ်ပါတယ်။ ဒီအစ္စလာမ်မစ် အကြမ်းဖက်အဖွဲ့ရဲ့ ပေါင်းစပ်တိုက်ခိုက်မှုတွေဟာ တမင်တကာ ဆွပေးတဲ့ရန်စမှုကို လုပ်ဆောင်တာ ဖြစ်ပါတယ်။ ARSA ရဲ့ ရည်ရွယ်ချက်က ဒေသကို မတည်မငြိမ်ဖြစ်အောင်လုပ်ပြီး စစ်တပ်ရဲ့ လက်တုံ့ပြန်မှုကို ဖြစ်ပေါ်စေဖို့ ဖြစ်ပါတယ်။
လူမျိုးရေး ကွဲပြားမှုတွေနဲ့ နက်ရှိုင်းစွာ အက်ကြောင်းထင်နေတဲ့ နိုင်ငံတနိုင်ငံမှာ ရခိုင်ပြည်နယ်ဆိုင်ရာ ကိုဖီအာနန်ကော်မရှင် ဖွဲ့စည်းခြင်းဟာ ထူးကဲတဲ့ နိုင်ငံရေး သတ္တိတခု ဖြစ်ပါတယ်။ ဝေဖန်သူတွေက ပြည်သူ့ဆက်ဆံရေး စတန့်ထွင်မှု တခုလို့ ပယ်ချကြပေမဲ့ ကော်မရှင်ရဲ့ တကယ့် အရေးပါမှုကိုတော့ လျစ်လျူရှုထားကြပါတယ်။ ဒီကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုဟာ ပြန်လည်သင့်မြတ်ရေးအတွက် အခြေခံအုတ်မြစ်တွေ ချမှတ်ပေးခဲ့ပါတယ်။
ARSA ရဲ့ တွက်ချက်ရန်စမှုကို လျစ်လျူရှုတာဟာ အစ္စရေးမှာ အောက်တိုဘာ ၇ ရက်နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ကြောက်မက်ဖွယ်ရာကိစ္စတွေမှာ ဒီတင်းမာမှုကို စဖြစ်စေခဲ့တဲ့ ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုတွေကို အသိအမှတ်မပြုဘဲ လေ့လာသုံးသပ်သလိုပဲ ဖြစ်နေပါလိမ့်မယ်။ စစ်တပ်ရဲ့ ဖျက်စီးမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကို အပြစ်တင်တာဟာ မီးရှို့တဲ့သူရဲ့ ကျူးလွန်မှုတွေ အတွက် မီးသတ်သမားကို အပြစ်တင်သလိုမျိုး တော်တော်ကို ကျိုးကြောင်းဆီလျော်မှု မရှိတဲ့ကိစ္စသာဖြစ်ပါတယ်။
ပြည်သူ့ဆန္ဒ - ကြံ့ကြံ့ခံမှုရဲ့ သက်သေ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာ NLD ဟာ စစ်အုပ်စုကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းတဲ့ အတိုက်အခံပြုမှု သင်္ကေတတခု ဖြစ်လာခဲ့ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ စနစ်တကျ ဖိနှိပ်မှုတွေ ရှိတဲ့ကြားကနေ၊ မြန်မာပြည်သူတွေက သူတို့ရဲ့ ဒီမိုကရေစီ မျှော်လင့်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်လက်ထဲ အပ်နှံခဲ့ကြပါတယ်။ NLD အတွက် ပေးတဲ့မဲတိုင်းဟာ အာဏာရှင်စနစ်ကို ဦးမညွှတ်ဘူးလို့ ကြေညာမှုတရပ်၊ သိမ်မွေ့တဲ့ ဖီဆန်မှုတရပ် ဖြစ်ခဲ့တာပါ။
ဒါပေမဲ့ ဝေဖန်သူတွေက ဒီအောင်ပွဲကို အရေးမကြီးသလို သဘောထားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို ကျရှုံးမှုတခုအဖြစ် ပယ်ချခဲ့ကြပါတယ်။ ဒီလို ဝေဖန်မှုတွေဟာ သူ့ရဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံဖြစ်လာဖို့ မျှော်မှန်းချက်ကို ပံ့ပိုးပေးဖို့ သူတို့ရဲ့ ဘေးကင်းလုံခြုံမှုနဲ့ သက်မွေးမှုကိုပါ စွန့်လွှတ်စွန့်စားခဲ့ကြတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို လျစ်လျူရှုတာ ဖြစ်ပါတယ်။
တကယ့် ဗီလိန်များ - ဖိနှိပ်မှုပေါ်မှာ ကြီးပွားတဲ့ စစ်အုပ်စု
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပျက်ကွက်မှုဆိုတဲ့ ယူဆချက်အပေါ် စွဲလမ်းနေတာဟာ ဆယ်စုနှစ်များစွာ အကြမ်းဖက်အုပ်ချုပ်မှုကို စီစဉ်ခဲ့တဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ထားသလိုဖြစ်စေပါတယ်။ ဒီလူတွေကသာ ၂၀၂၁ အာဏာသိမ်းမှုကို စီစဉ်ပြီး ဒီမိုကရေစီကို ဖျက်ဆီးကာ တိုင်းပြည်ကို ဝရုန်းသုန်းကားအခြေအနေကြီးထဲ တွန်းပို့ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အောင်ပွဲတွေဟာ ဒီအကြမ်းဖက်စနစ်ကို တိုက်ရိုက် စိန်ခေါ်မှု ဖြစ်ခဲ့ပါတယ်။ စစ်အုပ်စုရဲ့ ရာဇဝတ်မှုတွေကို လျှော့ပေါ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုချည်းပဲ ဝေဖန်တာဟာ လက်တွေ့ကို ပုံဖျက်တာ ဖြစ်ပါတယ်။ စစ်တပ်ကို တာဝန်ခံအောင် မလုပ်နိုင်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပျက်ကွက်မှု မဟုတ်ပါဘူး၊ မြန်မာ့အဖြစ်ဆိုးရဲ့ အဓိကလက်သည်တွေကို ရင်ဆိုင်ဖို့ - ကမ္ဘာကြီးရဲ့ ပျက်ကွက်မှု ပဲဖြစ်ပါတယ်။
ဇာတ်လမ်းကို ပြန်ဆန်းစစ်ခြင်း
မြန်မာနိုင်ငံရဲ့ အတိဒုက္ခတွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ပုံချတာ အချောင်ဝင်ခံခိုင်းတာတွေ ရပ်တန့်ဖို့ အချိန်တန်ပါပြီ။ သူ့ကို တချိန်က မျှော်လင့်ချက်ရဲ့ အလင်းရောင်လို့ ချီးကျူးခဲ့ပြီး အခုအခါမှာ ဝေဖန်သူတွေဟာ ဝေဖန်မှုထက် တောင်းပန်ဖို့ပဲသင့်ပါတယ်။ စစ်အုပ်စုကသာ မြန်မာနိုင်ငံအပေါ် ဖိနှိပ်အုပ်ချုပ်မှုရဲ့ အမြဲတမ်း အဓိက ဗိသုကာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးပြည့်စုံတဲ့ ခေါင်းဆောင်တယောက် မဟုတ်ပေမဲ့ ၊ လွတ်လပ်မှုကို ရဲရဲဝံ့ဝံ့ အိပ်မက်မက်ခဲ့တဲ့ သန်းနဲ့ချီတဲ့ လူတွေရဲ့ မျှော်လင့်ချက်တွေကို ကိုယ်စားပြုခဲ့သူဖြစ်ပါတယ်။ သူ့ကို ဆက်လက် အပြစ်တင်နေတာဟာ ဂုဏ်သိက္ခာအတွက် တိုက်ပွဲဝင်နေတဲ့ နိုင်ငံတနိုင်ငံရဲ့ ထူးကဲတဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကိုပါ လျော့ပါးအောင်လုပ်သလို ဖြစ်စေပါတယ်။
နိဂုံး - လုပ်ဆောင်ဖို့ တောင်းဆိုသံ
ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျခံနေရတာဟာ ကိုယ်ရေးကိုယ်တာ အဖြစ်ဆိုးတခုထက်ပိုပါတယ်။ ဒါဟာ နက်ရှိုင်းတဲ့ မတရားမှုတခုနဲ့ ဒီမိုကရေစီသစ္စာဖောက်ခံရမှု ဖြစ်ပါတယ်။ သူထိန်းသိမ်းခံရမှုဟာ နိုင်ငံတနိုင်ငံရဲ့ မျှော်လင့်ချက်တွေ မွမ်းကြပ်နေတာကို သင်္ကေတပြုပါတယ်။ ကမ္ဘာ့အသိုက်အဝန်းဟာ သူလွတ်မြောက်ဖို့ တောင်းဆိုတာထက် ပိုလုပ်သင့်ပါတယ်။ သူ့ရဲ့ အမွေအနှစ်ကို မတရားသဖြင့် ညစ်ညမ်းစေတဲ့ အသရေဖျက် စည်းရုံးလှုံ့ဆော်မှုကို ရင်ဆိုင်းသင့်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုလူလဲဆိုတာ သမိုင်းကသာ အရှိကို အရှိတိုင်း အကဲဖြတ်ပါစေ - မဖြစ်နိုင်တဲ့ အခြေအနေတွေကို ဖြတ်သန်းခဲ့တဲ့ ရဲရင့်တဲ့ ခေါင်းဆောင်တဦး၊ အားနည်းချက်ရှိပေမဲ့ သူ့ပြည်သူတွေရဲ့ တိုက်ပွဲမှာ ဖီဆန်မှုရဲ့ သင်္ကေတပြုခဲ့သူ၊ ဆယ်စုနှစ်များစွာ အကြမ်းဖက်မှုတွေကြောင့် အက်ကြောင်းထင်နေတဲ့ နိုင်ငံတနိုင်ငံမှာ ပြန်လည်သင့်မြတ်ရေးအတွက် အသံတသံ ဖြစ်ခဲ့သူအဖြစ် အကဲဖြတ်ပါစေ။
တောင်းဆိုသံက ရှင်းပါတယ် #FreeAungSanSuuKyi ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ တကယ့်ဗီလိန်တွေဖြစ်တဲ့ စစ်အုပ်စုကိုသာ သူတို့ရဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံခိုင်းဖို့ ဖြစ်ပါတယ်။
အလန်ကလီးမန့်စ် နှင့် ဖာဂတ်စ်ဟာလိုးဟာ
ဘာသာပြန်- စိုင်းခေတ်နွေ
( စာရေးဆရာ Alan Clements နှင့် Fergus Harlow တို့ ရေးသားထားသည့် “A Rebuttal to the Allegations Against Aung San Suu Kyi: The Convenient Villain and a Call for Perspective” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)
စာရေးသူများ
(အလန်ကလီးမန့်စ် (Alan Clements) ဟာ စာရေးဆရာ၊ စုံစမ်းဖော်ထုတ်ရေး သတင်းထောက်နှင့် မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးအဖြစ် ရဟန်းဝတ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူဟာ နိုင်ငံရဲ့ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာနဲ့ နိုင်ငံရေး အခင်းအကျင်းကို နှစ်ပေါင်းများစွာ လေ့လာခဲ့သူဖြစ်ပါတယ်။ "Burma: The Next Killing Fields?" စာအုပ်ကို ရေးသားခဲ့သလို "The Voice of Hope" စာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ရေးသားခဲ့ပြီး၊ "Burma's Voices of Freedom" "Aung San Suu Kyi From Prison and a Letter to a Dictator" စာအုပ်တွေကိုလည်း ရေးသားခဲ့သူဖြစ်ပါတယ်။ ကလီးမန့်ရဲ့ ဆယ်စုနှစ်များစွာ လေ့လာရေးသားခဲ့မှုတွေမှာ မြန်မာပြည်ရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ ရုန်းကန်တိုက်ပွဲဝင်မှုတွေအပေါ် အဓိကထားဖော်ပြလေ့ရှိပါတယ်။
ဖာဂတ်စ်ဟာလိုး (Fergus Harlow) ဟာ စာရေးဆရာ၊ ပညာရှင်နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတဦး ဖြစ်ပါတယ်။ သူဟာ "Burma's Voices of Freedom" နဲ့ "Aung San Suu Kyi From Prison and a Letter to a Dictator" စာအုပ်တွေကို ပူးတွဲရေးသားခဲ့ပြီး မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွေနဲ့ ပြည်သူတွေရဲ့ ကြံ့ကြံ့ခံနိုင်မှုကို ထဲထဲဝင်ဝင်လေ့လာတင်ပြသူဖြစ်ပါတယ်။ ဟာရိုးရဲ့ လက်ရာတွေမှာ ဒီမိုကရေစီ၊ စိတ်ဝိညာဉ်ရေးနဲ့ ကမ္ဘာ့လူ့အခွင့်အရေးတွေရဲ့ ဆုံချက်ကို အဓိကထား လေ့လာဆန်းစစ်လေ့ ရှိပါတယ်။