Home
မြန်မာသတင်း
လေလံဆွဲမည့်သူ မရှိသဖြင့် ခြံအမှတ် ၅၄ တတိယအကြိမ်လေလံပွဲ မအောင်မြင်
DVB
·
February 5, 2025

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့တဲ့ ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ နေအိမ်ကို ကမာရွတ်ခရိုင်တရားရုံးက ဖေဖော်ဝါရီ ၅ ရက်မှာ တတိယအကြိမ် လေလံပစ်ခဲ့ပေမဲ့ လေလံဆွဲမယ့်သူ မရှိတာကြောင့် ပွဲပျက်သွားတယ်လို့ ကမာရွတ်ခရိုင်တရားရုံးနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

“လေလံဆွဲမယ့်သူမရှိတော့ လေလံပွဲ မအောင်မြင်ဘူးပေါ့။ ရှေ့ဆက်ကြတော့ မနက်ဖြန်ကျရင် တရားရုံးကို လေလံပစ်တဲ့ ဘီလစ်အရာရှိ (တရားစွဲအရာရှိ) က အစီရင်ခံစာတင်မယ်လေ။ တင်ပြီးတော့ နောက်တချိန်းကျရင်တော့ တရားနိုင်ဘက်က ဘာတင်ပြမယ် မပြောတတ်ဘူးဗျ။”

ခြံအမှတ် ၅၄ ကို ငွေကျပ် သိန်းပေါင်း ၂ ဒသမ ၉၇ သန်းနဲ့ တတိယအကြိမ် လေလံတင်ဖို့ ကမာရွတ်ခရိုင် တရားရုံးက ဒီဇင်ဘာ ၁၇ ရက်မှာ ဆုံးဖြတ်ချက် ချထားတာပါ။

ကမာရွတ်ခရိုင်တရားရုံးက မတ် ၂၀ ရက်မှာ ခြံအမှတ် ၅၄ ကို ကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃ သန်း ၁ သိန်းခွဲနဲ့ ပထမအကြိမ် လေလံတင်ခဲ့ပြီး ဩဂုတ် ၁၅ ရက်မှာ ကြမ်းခင်းဈေး ငွေကျပ်သိန်းပေါင်း ၃ သန်းအတိနဲ့ ဒုတိယအကြိမ် လေလံတင်ခဲ့တာပါ။

အရှေ့က လေလံ ၂ ကြိမ်တင်ခဲ့တဲ့ ဈေးနှုန်းတွေနဲ့ အခု တတိယအကြိမ် လေလံဈေး သတ်မှတ်တာတွေမှာ ကာယကံရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောဆန္ဒမပါဘဲ လုပ်ထုံးလုပ်နည်းတွေကို ကျော်လွန်ပြီး တရားရုံးက ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ရှေ့နေအဖွဲ့က ဒီအမှုနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားရယူနိုင်ဖို့ တွေ့ဆုံခွင့် အကြိမ်ကြိမ် တောင်းခံခဲ့ပေမဲ့ တရားရုံးက လျစ်လျူရှုထားခဲ့တာ ဖြစ်ပါတယ်။

တရားလို ဦးအောင်ဆန်းဦးရဲ့ ဆောင်ရွက်ချက်တွေဟာ တရားရုံးလုပ်ထုံးလုပ်နည်းမှာ အစဉ်အလာမရှိခဲ့တာတွေဖြစ်တယ်လို့ ဥပဒေရေးရာကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။ 

ဥပဒေအကြံပေး ဦးခင်မောင်မြင့်က “မအောင်မြင်တဲ့အပေါ်မှာ သူကနေပြီး ကြမ်းခင်းဈေးကို ထပ်လျှော့တယ်ဆိုတာကြတော့ ဒါဟာ ဥပဒေနဲ့အညီလို့ ကျနော်တို့ပြောလို့မရဘူး။ ကိုယ်ကိုယ်တိုင်အဆိုပြုထားတဲ့ လေလံကြမ်းခင်းဈေးကို လေလံမအောင်လို့ ကိုယ်က ပြန်ပြီးလျှော့တယ်ဆိုတာ ကျနော်တို့ဥပဒေမှာ ထုံးစံမရှိဘူး"လို့ ပြောပါတယ်။

ဦးအောင်ဆန်းဦးဟာ အမေရိကန်နိုင်ငံသားဖြစ်တာကြောင့် ပြည်တွင်းဥပဒေအရ မရွှေ့ပြောင်းနိုင်တဲ့ အမွေဆိုင်ပစ္စည်းတွေနဲ့ပတ်သက်ပြီးခံစားပိုင်ခွင့်မရှိပါဘူး။ ဒီလိုခံစားခွင့်မရှိတာကြောင့် အိမ်နဲ့ခြံကို လေလံတင်ရောင်းချပြီး ရလာတဲ့ငွေကြေးကို ခွဲဝေယူဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၂ ဒီဇင်ဘာလမှာ ရှေ့နေအဖွဲ့နဲ့ နောက်ဆုံးတွေ့ဆုံခဲ့တာဖြစ်ပြီး အချိန် ၂ နှစ်ကျော်ကြာ ပြင်ပနဲ့ အဆက်အသွယ်ဖြတ်တာ ခံထားရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013