
စစ်ကောင်စီဩဇာခံ တက္ကသိုလ်နဲ့ကောလိပ်တွေကို အွန်လိုင်းကနေကျောင်းအပ်နှံတဲ့အခါ UAB Pay တခုတည်းနဲ့ ငွေပေးဆောင်ရမယ့်အပေါ် ကျောင်းသားကျောင်းသူတွေက ဝေဖန်နေကြ ပါတယ်။
၂၀၂၄-၂၅ ပညာ သင်နှစ် ကျောင်းအပ်ချိန်ကစပြီး တက္ကသိုလ်တွေမှာ ကျောင်းအပ်ငွေသွင်းရင် UAB pay ရှိထားဖို့လိုအပ်ပြီး UAB ဘဏ်နဲ့ချိတ်ဆက်ထားဖို့ စစ်ကောင်စီဩဇာခံ ပညာရေးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ပြုလုပ်ထားတာကြောင့် ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းအပ်ရာမှာ အခက်အခဲတွေကြုံနေကြရတယ်လို့ ဆိုပါတယ်။
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် ပထမနှစ်ကျောင်းသားတယောက်က “UAB ဘဏ်ဆိုတာ မြို့နယ်တိုင်းမှာ ရှိတာမဟုတ်ဘူး။ ဘဏ်မှာငွေသွားသွင်းဖို့ဆိုတာမလွယ်ဘူး။ ကျောင်းသွားအပ်ရင် ကျောင်းမှာ ဘဏ်ဝန်ထမ်းတွေက လုပ်ပေးနေတယ်လို့တော့ပြောတယ်။ လူသုံးများတဲ့ Kpay၊ Wave Pay လိုမျိုးနဲ့ ငွေသွင်းနိုင်တယ်ဆိုရင် ပိုကောင်းတာပေါ့။ UAB Pay နဲ့ပဲ ငွေသွင်းရတာကတော့ အဆင်မပြေဘူး။ UAB က သူတို့ဘဏ်ကိုလူဝင်လာအောင် ပညာရေးဌာနနဲ့ပေါင်းပြီး လုပ်လိုက်တာလို့တော့ ထင်တယ်” လို့ ပြောပါတယ်။
ကျောင်းသားတွေအနေနဲ့ ပညာရေးဌာနက ဖွင့်ထားတဲ့ဝက်ဘ်ဆိုက်ကတဆင့် ကျောင်းအပ်ငွေ သွင်းရမှာဖြစ်ပြီး အင်တာနက်လိုင်းရဖို့ အခက်အခဲရှိသူတွေအနေနဲ့ ကျောင်းကို ကိုယ်တိုင်သွားအပ်နေရတာ၊ ဝက်ဘ်ဆိုက်အတွင်း ကိုယ်ရေးအချက်အလက်မှားယွင်းတာတွေ ကြုံတွေ့နေရတာကြောင့် အွန်လိုင်းနဲ့ကျောင်းအပ်တာမှာလည်း အခက်အခဲတွေရှိနေတယ်လို့ ကျောင်းသားကျောင်းသူတွေဆီက သိရပါတယ်။
အဝေးသင်တက္ကသိုလ်ကျောင်းသားတယောက်က “အွန်လိုင်းနဲ့အပ်လည်း ကျောင်းအထိ သွားရတာပဲ။ အွန်လိုင်းနဲ့မဟုတ်လည်း ကျောင်းအထိသွားရတာပဲ။ ဘာမှမထူးဘူး။ တခုပဲ စာရွက်စာတမ်း မရှုပ်တော့ဘူး။ ကိုယ်ကတော့အလုပ်ရှုပ်သွားတယ်။ ဒီစနစ်က ဖုန်းမရှိတဲ့သူဆိုဘယ်လိုလုပ်မလဲ။ အခုကျောင်းတက်နေတဲ့သူတွေထဲမှာ ဖုန်းမကိုင်နိုင် သေးတဲ့သူတွေရှိတယ်။ တချို့ဆို ကီးပတ်လေးတွေပဲ ကိုင်တဲ့သူတွေရှိသေးတယ်။ သူတို့ရော ဘယ်လိုကျောင်းအပ်လဲလို့မေးကြည့်တော့ သူများဖုန်းငှားပြီး ကျောင်းလာအပ်ကြတာတဲ့” လို့ ပြောပါတယ်။
အခုလို အွန်လိုင်းနဲ့ကျောင်းအပ်တာတွေ လုပ်ဆောင်ရတာဟာ အနာဂတ်မှာ အွန်လိုင်းပညာရေးစနစ်ကို ပိုမိုလုပ်ဆောင်ရမှာဖြစ်တဲ့အတွက် အခြေခံအုတ်မြစ်ချလိုက်တာလို့ အဆင့်မြင့်ပညာဦးစီးဌာနက အရာရှိတယောက်က ပြောပါတယ်။
ဒါပေမယ့် အခြားလူသုံးများတဲ့ Kpay၊ Wave Pay တွေထက် UAB Pay တခုတည်းကိုပဲ အသုံးပြုခိုင်းတာကတော့ ပညာရေးဝန်ကြီးဌာနရဲ့ တိုက်ရိုက်ညွှန်ကြားချက်ဖြစ်တဲ့အတွက် လိုက်ပါလုပ်ဆောင်ပေးရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။