Home
မြန်မာသတင်း
ကျားဖြန့်ဂိုဏ်းများ ပူးပေါင်းနှိမ်နင်းရန် တရုတ်သမ္မတနှင့် ထိုင်းဝန်ကြီးချုပ်တို့ သဘောတူ
DVB
·
February 7, 2025
Photo-Reuters

ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို တရုတ်နဲ့ ထိုင်း နှစ်နိုင်ငံ ပူးပေါင်းပြီးတော့ နက်နက်ရှိုင်းရှိုင်း ကိုင်တွယ်ဖြေရှင်းသွားဖို့ သဘောတူညီလိုက်တဲ့အကြောင်း The Straits Times သတင်းမှာ ဖေဖော်ဝါရီ ၆ ရက်က ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၅ ရက်က စတင်ခဲ့တဲ့ ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်း ရှင်နာဝပ်ထရာရဲ့ ၄ ရက်တာ တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှုအပြီး ခုလို သဘောတူညီမှု ရရှိခဲ့တာလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဘက်က တရားမ၀င်တဲ့ ရာဇဝတ်လှုပ်ရှားမှုတွေ ကြီးထွားလာနေတဲ့ နယ်စပ်ဒေသတွေကို ထိုင်းနိုင်ငံက လတ်တလောမှာ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ထားသလို ပြီးခဲ့တဲ့လပိုင်းတုန်းက တရုတ်သရုပ်ဆောင် ဝန်ဇင်း ထိုင်းနိုင်ငံကတဆင့် မြန်မာနိုင်ငံဘက်ရှိ ကျားဖြန့်ဂိုဏ်းတခုမှာ လူကုန်ကူးခံခဲ့ရအပြီးမှာ အဆိုပါကိစ္စအပေါ် တရုတ်တနိုင်ငံလုံးက အာရုံစိုက်မှုရရှိခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၆ ရက်က ပေကျင်းမြို့၊ ပြည်သူ့ခန်းမမှာ ကျင်းပတဲ့ အစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က “အွန်လိုင်းလောင်းကစားနဲ့ အီလက်ထရွန်နစ် လိမ်လည်မှု တိုက်ဖျက်ရေးတွေမှာ ထိုင်းနိုင်ငံရဲ့ အင်တိုက်အားတိုက် အရေးယူဆောင်ရွက်မှုတွေကို တရုတ်နိုင်ငံက ကျေးဇူးတင်တယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တရုတ်-ထိုင်း ရထားလမ်းလို အထင်ကရ ပရောဂျက်တွေကို အကောင်အထည်ဖော်ဖို့နဲ့ တရုတ်-လာအို-ထိုင်း ဆက်သွယ်မှုမှာ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ ရရှိလာစေဖို့ တရုတ်နိုင်ငံအနေနဲ့ ထိုင်းနိုင်ငံနဲ့  ပူးပေါင်းဆောင်ရွက်သွားဖို့ ဆန္ဒရှိကြောင်းလည်း ထပ်မံပြီးတော့ ပြောထားပါတယ်။

ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းကတော့ ထိုင်းနိုင်ငံအနေနဲ့ ချိတ်ဆက်မှု၊ စီးပွားရေး၊ ကုန်သွယ်မှုနဲ့ စိုက်ပျိုးရေး စတဲ့နယ်ပယ်တွေမှာ နီးနီးကပ်ကပ် လုပ်ဆောင်နေသလို ထိပ်တန်းအဆင့် ဖလှယ်မှုတွေ ပိုမိုအားကောင်းလာစေဖို့ မျှော်လင့်ကြောင်း ပြောကြားလိုက်တာပါ။

တဆက်တည်းမှာပဲ မစ္စဖဲထောင်းထန်းဟာ တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ တွေ့ဆုံပြီး ရေထွက်ကုန်တင်ပို့မှု၊ ဉာဏ်ရည်တုနဲ့ နျူးကလီးယားနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး အပါအဝင် သဘောတူညီချက် ၁၄ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး ဒီကနေ့မှာတော့ ဟာဘင်မြို့မှာ ကျင်းပမယ့် ၉ ကြိမ်မြောက် အာရှဆောင်းရာသီ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013