Home
မြန်မာသတင်း
ဇင်ယော်စစ်ဆင်ရေး ဒုတိယလှိုင်းမလာခင် ကျားဖြန့်လုပ်ငန်းများ နေရာပြောင်းရွှေ့
DVB
·
February 3, 2025

မဲခေါင်ဒေသတွင်း ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ ရာဇဝတ်မှုတွေကို ဇင်ယော် အထူးစစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် တရုတ်နိုင်ငံက နှိမ်နင်းမယ်လို့ ကြေညာပြီးနောက် ကျားဖြန့်လုပ်ငန်းတချို့ဟာ ဘုရားသုံးဆူနဲ့ တခြားနေရာတွေကို ပြောင်းရွှေ့နေကြပါတယ်။

မဲခေါင်ဒေသတွင်း ၆ နိုင်ငံမှာ အွန်လိုင်းငွေလိမ်မှု (ကျားဖြန့်) လုပ်ငန်းနဲ့ ကွင်းဆက်ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ ဒီနှစ်အတွင်း သင့်လျော်တဲ့အချိန်မှာ  တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှု ဇင်ယော်စစ်ဆင်ရေး  ဒုတိယပိုင်းကို ပြုလုပ်သွားမယ်လို့ တရုတ်အစိုးရက ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၉ ရက်ကလည်း ထိုင်း-မြန်မာ နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေနဲ့ နာမည်ကြီးတဲ့ ရွှေကုက္ကိုလ်မြို့သစ်နဲ့ KK Park အနီး နယ်စပ်တလျှောက်ကို တရုတ်နိုင်ငံက ပြည်သူ့လုံခြုံရေးဌာန လက်ထောက်ဝန်ကြီး လာရောက်ကာ ထိုင်းနိုင်ငံဘက်ခြမ်းကနေ ကြည့်ရှု လေ့လာခဲ့ပါတယ်။

လက်ရှိအချိန်ထိ ရွှေကုက္ကိုလ် အပါအဝင် KK Park ၊ မြဝတီ၊ ကျောက်ခက် စတဲ့နေရာတွေမှာ ကျားဖြန့်အလုပ်တွေ ဆက်ရှိနေပြီး ကျားဖြန့်လုပ်ငန်းတချို့က မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူဘက်ကို ပြောင်းရွှေ့နေကြတယ်လို့ ထိုင်း-မြန်မာ လူကုန်ကူးတိုက်ဖျက်ရေး ကူညီပေးသူတွေဆီက သိရပါတယ်။

ထိုင်း-မြန်မာ လူကုန်ကူးတိုက်ဖျက်ရေး ကူညီပေးနေသူတယောက်က “ဒီကျားဖြန့်တွေနဲ့ ပတ်သက်လို့ ပြောချင်တာက တကယ်လုပ်မယ်ဆိုရင် လုပ်လို့ရတယ်။ ဒါပေမဲ့ ဒီအပေါ်မှာ BGF တို့၊ ဗိုလ်မှူး ချစ်သူတို့က တရုတ်တွေအပေါ် cover လုပ်မယ်ဆိုရင် ဒီလူကို ဖမ်းဆီးအရေးယူဖို့ လိုအပ်လိမ့်မယ်။ ဘာလို့လဲဆို‌တော့ ဒီလူတွေကပဲ သူတို့မြေပေါ်မှာ ဖိတ်ခေါ်ပြီးတော့ စာချုပ်ချုပ်ပြီး သူတို့ကိုယ်တိုင် ပေးငှားပြီး ဒီအလုပ်တွေ၊ ဂိုဏ်းအဖွဲ့တွေ၊ Scam center အားလုံးကို BGF ကနေမှ Operate လုပ်တာ ဖြစ်တယ်။ ဒါကို သူတို့က ထဲထဲဝင်ဝင် မပါဝင်ဘူး။ တရုတ်အစိုးရ၊ ထိုင်းအစိုးရနဲ့လည်း မပူးပေါင်းဘူးဆိုရင် နေရာတွေ ရွှေ့တာတို့၊ ဘုရားသုံးဆူဘက် နေရာရွှေ့တာတို့၊ ပစ္စည်းတွေ၊ စက်တွေ အကုန်ရွှေ့ပြီး အဆင်သင့် ဖြစ်ထားပြီးသား ဖြစ်တယ်။ လုံးလုံးကြီးတော့ ပျောက်သွားမယ်မထင်ဘူး။ အောက်လက်ငယ်သားတွေပဲ ဖမ်းမိမယ်လို့ ကျနော် ထင်တယ်” လို့ ပြောပါတယ်။

ကျားဖြန့်လုပ်ငန်းတွေမှာ လူကုန်ကူးတာတွေကို နှိမ်နင်းနိုင်ဖို့ ထိုင်းနိုင်ငံဘက်အခြမ်းကလည်း မြန်မာ-ထိုင်းနယ်စပ် မဲဆောက်၊ မယ်လမနဲ့ ဖုတ်ဖမြို့တွေမှာ စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်ပြီး တရားမဝင် ရွှေ့ပြောင်းသွားလာတွေကိုပါ ပိုက်စိပ်တိုက် စစ်ဆေး ဖမ်းဆီးနေပါတယ်။

ကရင်ပြည်နယ်တွင်းက ကျားဖြန့်တွေ အပါအဝင် လူကုန်ကူးမှုနဲ့ ရာဇဝတ်မှုတွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့တွေ၊ နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့လည်း ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) တို့က ပြောဆိုထားပါတယ်။

ကရင် BGF ပြောခွင့်ရ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က “ကျနော်တို့ အဓိက တိုက်ဖျက်တာကတော့ ကျနော်တို့ဒေသမှာက လူရောင်းစားတာတို့၊ လူမှောင်ခိုလုပ်တာတို့ အဲ့လိုမျိုးတွေ မလုပ်ရဘူး။ မသမာမှုနဲ့ မလုပ်ရဘူး။ နောက်ပြီး သက်ငယ်တွေကို အသက်မပြည့်သေးသူတွေကို မခိုင်းစားရဘူး။ ဒါကတော့ ကျနော်တို့ စရောက်လာကတည်းက သဘောတူညီမှုနဲ့ သွားနေခဲ့တာ။ ဒါပေမဲ့ သူတို့အနေနဲ့ လုပ်ငန်းတွေ အများကြီးရှိတယ်။ ကျနော်တို့ လက်လှမ်းမမီနိုင်တဲ့ နေရာတွေ အများကြီးရှိတယ်။ ရှိတဲ့အခါ အောက်ခြေမှာ ဖြစ်ပေါ်နေတဲ့ အရာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်။ ဆိုတော့ ဒီကိစ္စကို ကျနော်တို့ ကိုင်တွယ်၊ ရှေ့မှာလည်း အရေးယူခဲ့တာတွေ အများကြီး ရှိပါတယ်။ သက်ဆိုင်ရာ နိုင်ငံအသီးသီး ပြန်ပို့ခဲ့တာတွေလည်း ရှိတယ်။ စာရင်းဇယား မှတ်တမ်းမှတ်ရာတွေတော့ ရုံးထဲမှာ ရှိပါတယ်” လို့ ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြန်မာနိုင်ငံအတွင်းက အွန်လိုင်းငွေလိမ်မှု (ကျားဖြန့်) လုပ်ငန်းတွေမှာ နိုင်ငံပေါင်း ၂၁ နိုင်ငံက လူပေါင်း ၆,၀၀၀ ကျော် ထိန်းသိမ်းခံထားရပြီး အဓမ္မခိုင်းစေခံနေရတာကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေက ထိုင်းလူ့အခွင့်ရေးကော်မရှင်ကို တင်ပြထားပါတယ်။

မြဝတီတဖက်ကမ်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်က နယ်ခြားမျဉ်းတလျှောက်မှာ ထိုင်းအစိုးရက လူကုန်ကူးမှု အသိပေးဆိုင်းဘုတ်တွေကို ထိုင်း၊ တရုတ်၊ အင်္ဂလိပ် ၃ ဘာသာနဲ့ အသိပေး စိုက်ထူထားပါတယ်။

ကျားဖြန့်နဲ့ ကွင်းဆက်ရာဇဝတ်မှုတွေကို တိုက်ဖျက်ဖို့ အာဏာသိမ်းစစ်ကောင်စီကရော NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကပါ ပူးပေါင်းဆောင်ရွက်မယ်လို့ အသီးသီး ထုတ်ပြန်ထားပါတယ်။

ဇွဲသစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024