
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုဟာ ပနားမားသမ္မတ ဟိုဆေးရာအူးလ် မူလီနိုနဲ့ တွေ့ဆုံပြီး တရုတ်လွှမ်းမိုးမှုလျှော့ချဖို့ သတိပေးခဲ့ပါတယ်။
ပနားမားတူးမြောင်းမှာ တရုတ်လွှမ်းမိုးနေတာဟာ လက်ခံနိုင်လောက်စရာ မဟုတ်တဲ့အတွက် ချက်ချင်းမပြောင်းလဲရင် အမေရိကန်-ပနားမား စာချုပ်အရ အခွင့်အရေးကို ကာကွယ်ဖို့ လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ ထရမ့်ပ်က ဆုံးဖြတ်ထားတယ်လို့ ရူဘီဘိုက ပြောပါတယ်။
ပနားမားသမ္မတဘက်ကတော့ တူးမြောင်းရဲ့ အချုပ်အခြာအာဏာပိုင်မှုဟာ ဆွေးနွေးငြင်းခုံစရာ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။ ဒါပေမဲ့ အမေရိကန်က စရိတ်ခံမယ်ဆိုရင် ရွှေ့ပြောင်းပြန်ပို့တာကို ကူညီပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။
ဗင်နီဇွဲလား၊ အီကွေဒေါ၊ ကိုလံဘီယာတို့က တရားမဝင် ရွှေ့ပြောင်းပြန်ပို့တဲ့ကိစ္စမှာ ပနားမားက ကြားခံ အကူးအပြောင်းနေရာ ဖြစ်မယ်လို့ နားလည်ထားကြောင်း မူလီနိုက ပြောကြားခဲ့ပါတယ်။
မူလီနိုက ပနားမားဟာ တရုတ်နဲ့ ရပ်ဝန်းတခု လမ်းတခု စီမံကိန်း သက်တမ်းပြန်တိုးတော့မှာ မဟုတ်သလို အမေရိကန်က နိုင်ငံတွင်းမှာ လာရောက်ရင်းနှီးဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။
ပနားမားတူးမြောင်းကို ပြန်သိမ်းမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုနဲ့ပတ်သက်ပြီး ပနားမားပြည်သူတွေရဲ့ ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
ပနားမားမြို့တော် ပနားမားစီးတီးမှာတော့ လူ ၂၀၀ လောက်က ပနားမားအလံတွေ လွှင့်ထူပြီး “မာကိုရူဘီအို ထွက်သွား” လို့ ကြွေးကြော်ခဲ့ကြပါတယ်။ နယ်ချဲ့ဆက်သား (imperial messenger) လို့လည်း ရူဘီအိုကို ဝေဖန်ခဲ့ကြပါတယ်။
၂၀ ရာစု အစောပိုင်းက အမေရိကန်က တည်ဆောက်လုပ်ကိုင်ခဲ့တဲ့ ပနားမားတူးမြောင်းကို ၁၉၇၇ သဘောတူစာချုပ်အရ ပနားမားနိုင်ငံကို ပြန်လွှဲထားတာ ဖြစ်ပါတယ်။
Source : Reuters